မိုးမခ - ထူးအိမ်သင် ဂီတ ပွဲတော်


မိုးမခ  - ထူးအိမ်သင် ဂီတ ပွဲတော်
သြဂုတ် ၁၀၊ ၂၀၁၄

ပန်းချီ - သန်းဌေးမောင်
လာမယ့် သြဂုတ် (၁၄) ဆိုရင် ဗမာ့ စတီရီယို ကိုယ်ပိုင်သံစဉ် ဂီတလောက ရဲ့ အထင်ကရ ဂီတပညာ ရှင် ထူးအိမ်သင် တယောက် ကွယ်လွန်ခဲ့တာ (၁၀) နှစ်ပြည့်ပြီ ဖြစ်ပါတယ်။  ထူးအိမ်သင် အမှတ်တရ ပွဲတွေကို မိသားစု နဲ့ ထူးအိမ်သင် ချစ်သူ ပရိသတ်များ နှစ်စဉ် နှစ်တိုင်း ပြုလုပ်ခဲ့ကြပါတယ်။  ဒါပေမယ့် တရားဝင် ဂီတပွဲ ပြုလုပ်ခဲ့တာမျိုးတော့ မရှိပါဘူး။  အဓိက က တော့ ထူးအိမ်သင် ရဲ့ သီချင်းတွေ သူသူ ငါငါ ပြန်ဆို ကြပြီး အုတ်ရောရော ကျောက်ရောရော ဖြစ်သွားမှာ စိုးလို့ ပရိသတ်ကလည်း မလိုလားသလို၊ မိသားစုကလည်း ခွင့်မပြုခဲ့ပါဘူး။

ဒီနှစ်တော့ ထူးအိမ်သင် ကွယ်လွန်ခဲ့တာလည်း ဆယ်စုနှစ် တခု ရှိပြီ၊ ထူးအိမ်သင် သီချင်းများလည်း ယနေ့ခေတ် လူငယ်ကလေးများကြား မကြားဖူးတော့ကြပြီမို့ မိသားစု နဲ့ မိတ်ဆွေ များ က ဦးစီးပြီး ထူးအိမ်သင် ဂီတပွဲတော် ကို ၂၃၊ သြဂုတ်၊ ၂၀၁၄ Myanmar Event Park (MEP) ဒဂုံမြို့နယ် မှာ ပြုလုပ်မယ်လို့ သိရပါတယ်။



မီဒီယာ ပါတနာ အနေနဲ့ MRTV-4 က ပြုလုပ်မယ် ဆိုပြီး ပုံပါ ကြော်ငြာ ကို တွေ့ရတယ်။ 

ထူးအိမ်သင် ချစ်သူ ပရိသတ်များကတော့ အမှတ်တရ ပြု ပါဝင်ကြမယ့် စာရင်းပါ အဆိုတော် တချို့ အမည် ကြောင့် ထူးအိမ်သင် သီချင်းတွေ ပျက်စီးမှာ စိုးရိမ်နေကြတာတွေလည်း ရှိပါတယ်။  ထူးအိမ်သင် ပရိသတ် လူမှုကွန်ရက် စာမျက်နှာ “Htoo Eain Thin Fan Club https://www.facebook.com/groups/htooeainthin/” မှာ ပရိသတ်များ အမြင် အမျိုးစုံ နဲ့ ဒီပွဲ အကြောင်း ထောက်ခံ၊ ဝေဖန် မှတ်ချက် ပြုနေကြတာလည်း တွေ့ရတယ်။

ခေတ် လူငယ် ပရိသတ်များ အကြိုက် ဈေးကွက်ဝင် အဆိုတော်ငယ် တချို့ ပါဝင် သီဆိုခြင်းနဲ့ ရွေးချယ်ထားတဲ့ သီချင်းတချို့ အတွက် ထောက်ပြချင်စရာ၊ စိုးရိမ်စရာ ဖြစ်တာလည်း မှန်ပါတယ်။  ဒါပေမယ့် အားလုံးက ထူးအိမ်သင်ကို ချစ်ခင်လေးစားတဲ့ စိတ်၊ မေတ္တာအရင်းခံနဲ့ သီဆိုကြမှာ ဖြစ်တော့ အောင်မြင်တဲ့ ပွဲတပွဲ ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။  ထူးအိမ်သင် သီချင်းများကို ဂီတ အနုပညာ ရသ မြောက်အောင် သီဆိုနိုင်ကြမလား ဆိုတာတော့ မေးခွန်းထုတ်စရာ ဖြစ်၊ စောင့်ကြည့်ရမှာပါ။  အကောင်းဆုံး ကြိုးစားကြမယ်လို့တော့ ယူဆရပါတယ်။

ဒီပွဲမှာ ပါဝင် သီဆိုမယ့်သူ တဦးလည်း ဖြစ်သူ၊ ထူးအိမ်သင် သက်ရှိထင်ရှား ရှိစဉ်တုန်းကလည်း ထူးအိမ်သင် နဲ့ စင်မြင့်ထက်မှာ သီချင်း အတူ တွဲဆိုဖူးခဲ့သူ၊ ထူးအိမ်သင် ပရိသတ် တယောက်လည်း ဖြစ်တဲ့ အဆိုတော် ဂျီလတ် (‎Gabriel Latt) က “Htoo Eain Thin Fan Club”  Facebook စာမျက်နှာမှာ အခုလို သူ့ အမြင်ကို မှတ်ချက်ပြု ရင်း ပရိသတ်ကို အသိပေးပါတယ်။




“ခု ကိုငှက် (၁၀) နှစ်ပြည့် ရှိုးပွဲနဲ့ ပတ်သတ်ပြီး သဘောမတူတဲ့ သူတော်တော်များ ပါရဲ့။  ဒါဟုတ်ပါတယ်။  ကိုငှက် သီချင်းတွေကို ကိုငှက် အသံနဲ့ပဲ နားထောင်ချင်တာ သူ့ပရိသတ်တွေရဲ့ ရွေးချယ်ခွင့်ပါပဲ။  ဒီအတွက် တချို့ကဒီပွဲကို သွားမကြည့်ဘူးဆိုတာ ချစ်ခြင်းအားဖြင့် လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိပါရဲ့။

ဒီထဲမှာ တချို့ကတော့ “လုပ်စားတယ်” လို့ အရေးအသားကိုတွေ့ရတော့ ကျနော် တော်တော် စိတ်မကောင်းဖြစ်ရပါတယ်။  တကယ်တော့ ဒီပွဲက ကျန်ရစ်သူ မိသားစုက သူ့ အမှတ်တရလုပ်တာပါ။  ဘယ်သူမှ စီးပွား ရေးအရ ကြားဝင်ဆောင်ရွက်တာ မရှိပါဘူး။  ကိုငှက်ရဲ့ အဓိက မိတ်ဆွေတွေ မေတ္တာနဲ့ ၀ိုင်းစီစဉ်ပေးကြတာပါ။  ဒီထဲမှာ အဆိုတော် ရွေးချယ်မှု အပိုင်းကလည်း အကြောင်းကြောင်းရှိမှာပါ။  ကိုငှက်ပရိသတ် အားလုံးနဲ့ ရွေးချယ်ထားတဲ့ အဆိုတော် စာရင်းနဲ့ တိုက်ဆိုင်ဖို့ မဖြစ်နိုင်ပါ။  အဓိက ကတော့ ပါဝင်ကူညီတဲ့ အဆိုတော်တွေက စည်းလေးထားပြီး ဒီပွဲပြီးရင် ဒီသီချင်းတွေကို ခပ်တည်တည်နဲ့ ရှိုးပွဲတွေမှာ ကိုယ့်သီချင်းမလုပ်ဖို့ပါပဲ။  ငါးမိနစ်လောက်လေး စင်ပေါ်ဆိုပြီး ကိုငှက်သီချင်းကို ငါ့သီချင်းလုပ်ရင်တော့ ရိုင်းတာပေါ့ဗျာ။

ဒီပွဲ ကျင်းပခြင်းအားဖြင့် ကောင်းမွန်တဲ့ အချက်ကလေးတွေတော့ စဉ်းစားပေးဖို့လို့မယ်ထင်ပါတယ်။

ကျနော့် အမြင်ကတော့ (၉) နှစ်တာလုံး ကိုငှက်ရဲ့ မိသားစု က ဒီလရောက်တုန်း တိတ်ဆိတ်ခြောက်ကပ်စွာ လွမ်းဆွတ်သတိရကြရတာပါ။  အပြင်မှာ မိုးတွေရွာနေပေမယ့် မိသားစုပဲ တိတ်ဆိတ်ခြောက်ကပ်စွာ ဖြတ်သန်းရတာတွေ ဒီ (၁၀) နှစ်မြောက်မှာတော့ အခွင့်အရေးပေးသင့်တယ်ထင်ပါတယ်။  အနုပညာသည် ကို ပြည်သူကပိုင်တယ် ဆိုတာတော့ ဟုတ်ပါတယ်။  ဒါပေမယ့် (၁၀) နှစ်တာ ကာလမှာ မိသားစုက တကြိမ်တော့ ပိုင်ခွင့်ပေးသင့်ပါတယ်။  ပြီးတော့ မိသားစုက လုပ်စားတာ လုံးဝ မဟုတ်ဘူးဆိုတာပါပဲ။

ကျနော်တခုပြောပြမယ်၊ ကိုငှက် ဆုံးပြီးနောက် ကိုငှက်သီချင်းတွေနဲ့ ပတ်သတ်ပြီး သိန်းကို ထောင်ဂဏန်းထိ မိသားစုကို ကမ်းလှမ်းချက်တွေ ရှိခဲ့ဖူးပါတယ်။  ဒီအဖြစ်အပျက်တွေ အတွင်းစည်းက လူတချို့သိပါတယ်။  ဒါပေမယ့် မိသားစုက ငြင်းပယ် ခဲ့တာချည်းပါပဲ။

ဒါကြောင့် ကိုငှက် ဆုံးပြီး (၁၀) နှစ်တာမှာ သူ့သီချင်းတွေ ဘယ်သူမှပြန်ဆိုတာ မတွေ့ရတာပါပဲ။  ဒီအတွက် ကိုငှက် ပရိသတ်တွေအနေနဲ့ မိသားစုကို ကျေးဇူးတင်ရမှာပါ။  မသေခင်ထိ အနုပညာသာ တစိုက်မှတ်မှတ် လုပ်ခဲ့တဲ့ အတွက် သူကွယ်လွန်တဲ့ အခါ မိသားစုမှာ သူ့သီချင်းတွေသာ ကျန်ခဲ့တာပါ။  ဒီသီချင်းတွေကို ငွေကြေးအဖြစ် မိသားစုက မပြောင်းလဲခဲ့ပါဘူး။

နောက်တချက်က - ခုကိုငှက်ဆုံးတာ (၁၀) နှစ်ရှိသွားပါပြီ။  နောက်မျိုးဆက်က ကိုငှက်နဲ့ အလှမ်းဝေးတော့မှာပါ။ ဒီပွဲလုပ်ခြင်းအားဖြင့် ထူးအိမ်သင် ဆိုတာ ငါတို့ ကြိုက်တဲ့ အဆိုတော်တွေ လေးစားရတဲ့ လူမျိုးဆိုတာလည်း သိစေချင်ပါတယ်။  ခုစဉ်းစားကြည့်ပါ၊ ကျနော်တို့က ကိုငှက် သီချင်းတွေနဲ့ ကြီးပြင်းလာပေမယ့် ခု (၁၃) နှစ် (၁၅) နှစ် ဆိုတဲ့ ကလေးတွေက ကိုငှက်ဆုံးတုန်းက (၅)နှစ်သာသာ တွေပါ။ သူတို့ ကိုငှက်ကို မသိနိုင်ပါ။ (ကိုငှက်ကလည်း မဆုံးခင် (၂)နှစ် (၃) နှစ်မှာ ခွေမထွက်တော့ပါ)။

ခု အဲ့ဒီ ကလေးတွေက SIR ပရိသတ်လည်း ဖြစ်ချင်ဖြစ်နေမယ်၊ ဘန်နီဖြိုး ပရိသတ်လည်း ဖြစ်ချင်ဖြစ်နေမှာပါ။  ဒီကလေးတွေကို သူတို့ ကြိုက်တဲ့ ကျားပေါက်တို့၊ ဘန်နီဖြိုးတို့ဟာ ကိုငှက်ကိုလေးစားကြောင်းသိစေလိုပါတယ်။

ကျနော်တို့ ငယ်ငယ်က Guns N’ Roses ကိုသိပ်ကြိုက်ခဲ့တာပေါ့။  Guns N’ Roses က Bob Dylan သီချင်းကိုပြန်ဆိုတာသိတော့ Bob Dylan ရဲ့ အခြားသီချင်းတွေ နားမထောင်ဖူးခင်မှာပဲ ငါသိပ်ကြိုက်တဲ့ Guns N’ Roses ပြန်ဆိုတယ်ဆိုတော့ “ဒီဘဲကြီးက ဆရာကြီးပဲ” ဆိုလေးစားရတဲ့ အဖြစ်အပျက်ကို သတိရပါတယ်။

ခုလိုမျိုး (၁၀) နှစ် တခါလောက်တော့ လုပ်သင့်တယ်ထင်ပါတယ်။  နှစ်တိုင်းလည်း လုပ်နေတာမှ မဟုတ်တာပဲ။

ခုလို မလုပ်တော့ရင်လည်း စစ်အစိုးရခေတ်က အာဇာနည်နေ့ မကျင်းပတော့ ခုခေတ် ကလေးတွေ ၁၉ ဂျူလိုင်ကို ဗိုလ်ချုပ်မွေးနေ့လို့ ပြောလိုပြော၊ သူညံ့လို့ အသတ်ခံရတာလို့ ပြောလို့ပြော ဖြစ်ကုန်တာပေါ့။  ဒီလရောက်တိုင်း ကိုငှက် ကိုဒီ PAGE ထဲက အပေါင်းအသင်းတွေ ၊ အနုပညာအသိုင်းအ၀ိုင်းနဲ့ မိသားစုက နှစ်တိုင်း အထူးသတိရနေမှာ သေချာပါပဲ။

ခု (၁၀) နှစ်ပြည့်ကိုတော့ အခြား Facebook မသုံးဖြစ်တဲ့ သူတွေရော၊ မေ့နေသူတွေရော ပြန်လည် သတိရဖို့ ကျင်းပစေချင်ပါတယ်။  စီစဉ်ပေးသူတွေကလဲ ကိုငှက် ယုံကြည်ရတဲ့ ၊ ကျနော်တို့လေးစားရတဲ့ သူများသာဖြစ်ပါတယ်။  ကိုငှက် ပရိသတ်တွေ အနေနဲ့ ကိုငှက်သီချင်း ကိုကာကွယ်ချင်ကြတာ သဘာဝ ကြပါတယ်။  လေးလဲလေးစားပါတယ်။  ဒီအတိုင်းပဲ ပါဝင်သီဆိုပေးမယ့် အဆိုတော်များကလဲ ခု ပရိသတ်တွေ ကိုငှက်ကိုချစ်သလို ချစ်ခင်တဲ့သူတွေဆိုတာ အကြွင်းမဲ့ ယုံကြည်ပါတယ်။

(ကျနော် ခုနက ရေးခဲ့သလိုပါပဲ ဒီပွဲဆိုပြီး နောက်ပိုင်း သူ့သီချင်းလုပ်ပြီးစင်ပေါ် ဆိုတာတွေ့ရင်တော့ ဖိနပ်နဲ့သာ ပစ်ပေါက်လိုက်ပါ။)

ဘာပဲဖြစ်ဖြစ် ဘာမှမလုပ်တာထက်စာရင် (၁၀)နှစ်ပြည့်မှာ တခုခု လုပ်ဖြစ်တယ်ဆို ကျေနပ်စရာပါ။  ကိုငှက် ပရိသတ်တွေ အနေနဲ့ ကိုငှက် သီချင်းတွေကို သူကလွဲပြီး တခြားသူအသံနဲ့ နားမတွေ့နိုင်ဘူးဆိုတာ သဘာဝကြပါတယ်။  ခုဒီပွဲလာကြည့်မယ့် သူတွေဟာလည်း ဒီအဆိုတော်တွေကို ကြည့်ချင်လို့လာတယ်လို့ ကျနော်လုံးဝမထင်ပါ။

ဘ၀မှာ ကိုငှက် (၁၀) နှစ်ပြည့် (တနည်းအားဖြင့် ပထမဆုံးလုပ်တဲ့ပွဲ) ကို ကိုယ်ပါဝင်ခဲ့ဖူးတယ်ဆိုတဲ့ Record လေးရချင်တယ်ထင်ပါတယ်။  ဆိုမယ့် အဆိုတော်တွေကလဲ အဲ့ဒီစိတ်နဲ့ပဲ ၀င်ဆိုပေးတာပါ။  တကယ်တော့ သီချင်းဆိုတာနဲ့ မတူဘဲ စာမေးပွဲခန်းဝင်သလို ဖြစ်နေမယ်ထင်ပါရဲ့။  နောက်ဆုံးပြောချင်တာက ဘာဖြစ်ဖြစ် ဒီပွဲကြီးကို သဘောမတွေဘူးကွာ ဆိုရင်တောင် T-Shirt လေးနဲ့ သီချင်းစာအုပ်လေးဝယ်ပြီး ချစ်ခြင်းအားဖြင့် (၁၀) နှစ်ပြည့် လွမ်းဆွတ်လိုက်ကြအောင်ဗျာ . . .”။

Gabriel Latt  (အဆိုတော် ဂျီလတ်)

××××××××××××××××

ဒီပွဲအတွက် ကူညီပေးနေသူ ထူးအိမ်သင် ရဲ့ မိတ်ဆွေ ဒီဇိုင်းဆရာ မျိုးဆွေသန်း (ဆရာကျောင်း) ကလည်း သူ့ ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ သူ တာဝန်ယူတဲ့ အပိုင်းတွေ၊ သူ အသုံးပြုတဲ့ ဓာတ်ပုံတွေ အကြောင်း အခုလို ရှင်းထားပါတယ်။



ထူးအိမ်သင် ဂီတပွဲတော် လွမ်းခြင်းအားဖြင့် (၁၀)နှစ်တာ
 
အမှတ်တရ ရှိုးလုပ်မယ်၊ တီရှပ်ထုတ်မယ်၊ သီချင်းစာအုပ်ထွက်မယ်။  ကျွန်တော် တာဝန်ယူထားတာ သီချင်းစာအုပ်၊ တီရှပ်ဒီဇိုင်းနဲ့ ကိုငှက်ဆိုထားတဲ့ ရာဇဝင်များရဲ့ သူတို့သမီး သီချင်းကို (၁၀) နှစ်ပြည့် အမှတ်တရအဖြစ် ပရိသတ် တွေအတွက် On Line မှာ.တင်ပေးဖို့ Video Track လေး တခုလုပ်ပေးမယ်။

စိတ်တိုင်းကျရင် ပေးမယ်၊ စိတ်တိုင်းမကျရင် မပေးဘူးပေါ့။  စိတ်တိုင်းကျရင်ဆိုတာ ကိုငှက်ရဲ့ ရာဇဝင်များရဲ့သူတို့သမီးကို ကျွန်တော်ဖန်တီးတဲ့ အရုပ်တွေက သက်ရောက်နိုင်ရဲ့လား ဆိုတဲ့ ကျွန်တော့်ရဲ့ စံပါ။

နောက် ကိုမြင့်မိုးအောင် လိုတဲ့ကိစ္စမှန်သမျှ ကူပေးလိုက်မယ်။  ဒါပေမယ့် လွမ်းဆွတ်ရေးကော်မတီထဲမှာ ကျွန်တော်မပါဘူး။

ဒီဇိုင်းဆရာ တယောက်အနေနဲ့ အဲဒီပွဲမှာ ကျွန်တော် Officially သုံးမယ့် ထူးအိမ်သင်ပုံ၊ ထူးအိမ်သင် Sketch နဲ့ စာလုံး LOGO တို့ကို အသိပေးပါတယ်။  အခုပုံတွေပါပဲ။

အသိပေးလိုပါတယ်၊ ကျွန်တော် ရေးသမျှစာ၊ ဓါတ်ပုံ၊ ဒီဇိုင်း၊ အချက်အလက်များကို မည်သည့် အမှတ်အသား တခုမျှ မလုပ်ပါ၊ ရင်းနှီးသူအားလုံး နှမြောတွန့်တိုပေးပါတယ်၊ စကားလုံး တလုံးလည်း တူညီကြပါတယ်၊ မတန်ဘူးတဲ့။

ကျွန်တော် အဲဒီလို မခံစားပါဘူး၊ တန်ပါတယ်လို့ ခံစားပါတယ်။  အဲဒါ ဘာလို့လဲ။

ကျွန်တော့် နိုင်ငံသား အားလုံးကို ကျင့်ဝတ်နဲ့ ပြည့်စုံစေချင်တဲ့ ဆန္ဒအတွက် ကျွန်တော့်ဘက်က နိုင်တဲ့ဝန်ကို အသိ၊ ဉာဏ် ပညာရှိရှိနဲ့ ထမ်းရွက်ပေးခြင်းရဲ့ တစိတ်တပိုင်း ဖြစ်ကြောင်း အတိအကျ ဖြစ်ပါတယ်လို့ ပြောလိုပါတယ်။

အခု ထူးအိမ်သင်ရဲ့ ဓါတ်ပုံဟာ ထိုင်းနိုင်ငံက ဓါတ်ပုံဆရာ ရိုက်ကူးထားပါတယ်။  ပုံတူ Sketch က ပန်းချီဆရာ ကိုမုတ်သုန် ရေးဆွဲထားပါတယ်။  စာလုံး LOGO က ကျွန်တော့် လက်ရေး ဖြစ်ပါတယ်။




 ဓါတ်ပုံ၊ ပန်းချီများက ဒီ အစီအစဉ်အတွက် မဟုတ်ခဲ့လို့ ထူးအိမ်သင် သေဆုံးပြီးစ ကာလမှာ ထွက်ရှိခဲ့တဲ့ ချစ်ခြင်းအားဖြင့် အယ်လ်ဘမ်မှာကတည်းက သမီးမိကွန်ထောကို ဖခင်ထူးအိမ်သင် ပိုက်ထားတဲ့ပုံက စလို့ အသုံးပြုခဲ့တဲ့ပုံများဟာ ကျွန်တော့် ကိုယ်ပိုင် စုဆောင်းမှုများသာ ဖြစ်ပြီး၊ ထူးအိမ်သင်၏ဂုဏ်ကျေးဇူးကို ကောင်းစွာ နားလည်သိရှိသူ ဒီဇိုင်းဆရာ တယောက်က ထို အနုပညာရှင်၏ ဂုဏ်ကို သက်ရောက်၊ ချဉ်းကပ်မိစေနိုင်သော ပုံရိပ်များကို အသုံးပြုဖို့ရွေးချယ်ခဲ့ခြင်းမှာ၊ ကျွန်တော့် ယုံကြည် ဆုံးဖြတ်မှုနဲ့သာ ရဲရင့်ခဲ့ခြင်း ဖြစ်ပါတယ်။

အခု ထူးအိမ်သင်(၁၀) နှစ်ပြည့်မှာလည်း ကျွန်တော့ကို တာဝန်ပေးလာတဲ့အပိုင်းမှာ အစီအစဉ်ကို သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ကျွန်တော့်ဘက်က ခေတ်ပြိုင် ဂရပ်ဖစ် ဒီဇိုင်းဆရာ တယောက် အနေနဲ့ ကျွန်တော်တို့ခေတ်မှာ ကိုယ့်ရှေ့က ကြီးမြတ်တဲ့ အနုပညာရှင်တဦးဖြစ်သူ ကွယ်လွန်သူ ထူးအိမ်သင် အတွက် တာဝန်ပေးထားခြင်း မရှိရင်သော်မှ ကူညီဖို့ နဲ့ သူ့အနုပညာ နဲ့ သူ့ဂုဏ် သိက္ခာကို ကာကွယ်ပေးဖို့ အသင့်ရှိတယ်ဆိုတာလည်း ပြောလိုပါတယ်။

ပြီးတော့ ကျွန်တော့်ရှေ့ကပဲ အကြီးဖြစ်ပြီး ကျွန်တော် ချစ်ခင်တဲ့ သူလည်းဖြစ်တဲ့ တေးရေး ကိုမြင့်မိုးအောင်က ထူးအိမ်သင်ရဲ့ အယုံကြည်ဆုံးထဲက တယောက် ဖြစ်လို့ ထူးအိမ်သင်သီချင်းတွေကို ဒါ မြေမြှုပ် သင်္ဂြိုဟ် လိုက်တာ မဟုတ်ဘူးလို့ ထင်မြင်တဲ့အတွက် Show စီစဉ်တဲ့ အပိုင်းမှာ ကျွန်တော်လုံးဝ မပါဝင်ပေမယ့် ကောင်းစရာရှိတာ ကောင်းအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကိုယ်နိုင်တဲ့အရာကို ကူညီမှာဖြစ်ပါတယ်။

ဒါ့ကြောင့် အခုတရားဝင် အသုံးပြုမယ်လို့ ကြေငြာထားတဲ့ ပုံများကို အခါအားလျော်စွာ သတင်းထုတ် ပြန်ပေးတဲ့အခါ သူ့အကြောင်းအရာနဲ့ သူ့ပုံ တွဲလျက်သာ Share စေချင်ပါတယ်။  ဒီပုံတွေကို စီးပွားရေးအတွက်အသုံးပြုမှာ မလိုလားသလို ထူးအိမ်သင်ရဲ့ ဂုဏ်သိက္ခာ နဲ့ အနုပညာတို့ကို ထိခိုက်စေမယ့် အပြောအဆို၊ အရေးအသားများနဲ့လည်း တွဲလျက် မတွေ့စေချင်ပါဘူး ဆိုတာကိုလည်း တရားဝင် အသိပေးပါတယ်။

ထူးအိမ်သင်ရဲ့ အနုပညာ နဲ့ ကင်းလွတ်ပြီး သူ့နောက်က အနုပညာဟာ သူ့ဂုဏ်ကို ကျော်တာ မတွေ့ဖူးသေးပါ ဆိုတာ နားလည်အောင် ပြောရပါကလည်း ထူးအိမ်သင်ရဲ့တပည့် မဟုတ်ပါ၊ နောက်လုက်မဟုတ်ပါ ဆိုရင် နှစ်ပဲ့၊ သုံးပဲ့၊ လေးပဲ့၊ငါးပဲ့၊ ခြောက်ပဲ့ပဲ ဖြစ်ပါလိမ့်မယ်။

အဲဒါဟာ ဒီချောင်း၊ ဒီရေ၊ ဒီမြေထဲမှာ ဘာအပင် ပဲ ပေါက်လာမယ် ဆိုတာအားလုံး က သိကြပြီးဖြစ်လို့ပါပဲ။

နောက်တခုက ကျွန်တော့် မိတ်ဆွေများ အပူတပြင်း မေးမြန်းကြတဲ့ကိစ္စပါ။

အိမ့်ချစ်က ဒီ (၁၀)နှစ်ပြည့်ပွဲ SHOW အတွက် MRTV4 ကထုတ်ပြန်တဲ့သတင်း ကြော်ငြာမှာ သူ့နာမည် နေရာ ရှေ့နောက် ပြဿနာအတွက် ဒီဇိုင်းဆရာကို ဒေါသသင့်စေတဲ့ စကားဟာ ကျွန်တော့်ကိုများ ရည်ညွှန်းတာ များလားလို့ Screen Shot ရိုက်ပို့ပြီး အမြောက်အမြား မေးမြန်းလာတဲ့အတွက် ဖြေကြားပါမယ်၊

အဲဒီ ကြော်ငြာ ဒီဇိုင်းကို ကျွန်တော်မလုပ်ပါ၊ ကျွန်တော်လုံးဝမသိပါ။ ကျွန်တော့်အတွက် အရေးလည်းမကြီးပါ။

သို့သော် ထူးအိမ်သင်ရဲ့ အနုပညာဂုဏ်သိက္ခာကို ထိခိုက်လာစေနိုင်တဲ့အကြောင်း အရာများ ဖြစ်ပေါ်လာနိုင်တဲ့အတွက် အခုကြေညာ ချိန်က စပြီး ထူးအိမ်သင် လွမ်းခြင်းအားဖြင့် (၁၀)နှစ်တာ အမှတ်တရပွဲနဲ့ ပတ်သက်တဲ့ Still , One Frame ပုံရိပ်များကို ကျွန်တော် ဒီဇိုင်းမျိုးဆွေသန်းကသာ အားလုံး တာဝန်ယူ လုပ်ကိုင်ပါ မယ်ဆိုတဲ့အကြောင်း အသိပေးအပ်ပါတယ်။

ထူးအိမ်သင်နဲ့ ပါတ်သက်လို့ စိုးရိမ်ပူပန်တဲ့ သူ့ကိုချစ်ခင်တဲ့ပရိတ်သတ်များကို လည်း ကျေးဇူးတင်ရှိပါကြောင်း ပြောလိုပါတယ်။  ကျွန်တော် တရားဝင်အသုံးပြုမှာများကို ကြေညာဖို့အကြောင်း ရှိခဲ့ပြီးဖြစ်လို့ ထူးအိမ်သင် Fan Club မှ ကိုဖိုးသားက ခွင့်တောင်းလာချိန်မှာ ခွင့်ပြုလိုက်တဲ့အတွက် လွမ်းခြင်းအားဖြင့် (၁၀)နှစ်တာ ထူးအိမ်သင်ဂီတပွဲတော် ဆိုတဲ့ ခေါင်းစည်းက ကျွန်တော့်လက်ရေးနဲ့ ထူးအိမ်သင်ဓါတ်ပုံ အဖြူအမည်း ပုံကို ကျွန်တော့်ဒီဇိုင်းလို့ တွေ့ပြီးသူတွေက MRTV 4 ဘက်က လက်မှတ်ရောင်းဖို့ ကြော်ငြာထုတ်တဲ့ ဒီဇိုင်းက ကျွန်တော့်ကိုရည်ညွှန်းတယ်လို့ ထင်မိတာဖြစ်ပါလိမ့်မယ်။

ထူးအိမ်သင်၊ အယ်ဖြူတို့ရဲ့ ပရိသတ်များက ဖန်တီးပေးထားတဲ့ Fan Page တွေမှာ ကျင့်ဝတ်ပြည့်စုံတဲ့ Page တွေအတွက် သက်ဆိုင်သမျှ အရာအားလုံးကို ခွင့်ပြုထားပြီးဖြစ်ကြောင်းလည်း အသိပေးပါတယ်။

ကျွန်တော့်မိတ်ဆွေများကို သိစေလိုတာက၊ ကျွန်တော်ပြုလုပ်ပေးခဲ့သမျှ ဒီဇိုင်းများက သတင်းစာကြော်ငြာမှာပါတဲ့ စာလုံးမျှသာပါသော ဒီဇိုင်းအထိ ဘယ်သူ့မှ အထိမခံပဲ ကိုယ်တိုင်ပဲ လုပ်ပေး ပါတယ်၊ အဲဒီ အဆိုတော်ရဲ့ အဆင့်အတန်းနဲ့ သူ့ အနုပညာရဲ့ အနှိုင်းအဆအတွက် ကျွန်တော့်ဖက်က ထားရှိတဲ့ စေတနာပါပဲ။  အသေးအဖွဲလေးကစလို့ သူ့အနုပညာ တန်ဖိုးကို ထိခိုက်မှုမရှိရလေအောင် ဆိုတဲ့ ပညာ ဉာဏ် နဲ ကျွန်တော်အားထုတ် ပေးခြင်းပါ။
အခုကြော်ငြာကို ကျွန်တော် မြင်ရချိန်ထိ ဘယ်သူတွေဆိုကြမယ် မသိသေးပါ။  ကိုမြင့်မိုးအောင်နဲ့ အခုလေးတင်မှ ဖုန်းရလို့ The Show Must Go On လို့ နီကိုးလ်ကစ်မင်းရဲ့ မိုလင်ရု(တ်) ဇာတ်ကားက စကားလုံးနဲ့ ဟာသလုပ်ရပါတယ်။

ကျွန်တော်က လက်ရေးလည်းလှလို့၊ လက်ရေးလှမှလည်း ဒီဇိုင်းဆရာဖြစ်မယ်လို့ အခြေခံ ယုံကြည်လို့ စာလုံးကို
အထူးရွေးချယ်ပါတယ်။  အဲဒီစာလုံးဟာ ထူးအိမ်သင်ရဲ့ ဘယ်နေရာမှာ ဆိုတာ ကျွန်တော်ပဲသိပါတယ်၊ ပြီးတော့ ဒီဂျစ်တယ်ကူးပြောင်းချိန်မှာ Apple Macintosh ကွန်ပြူတာနဲ့ပဲ စတင်ပြုလုပ်ခဲ့ရလို့ တလျောက်လုံး ဒီအမျိုးအစားကိုပဲ အသုံးပြုခဲ့ရာမှာ Apple ကွန်ပြူတာရဲ့ စာလုံး Font အတွက် တည်ဆောက်ထားပုံကို နှစ်သက်ဘဝင်ကျတဲ့ အချက်လည်း ပါဝင်ပါတယ်။

ဒါ့ကြောင့် အခြား ကွန်ပြူတာနဲ့ စာလုံးပုံစံတွေ မတူညီတဲ့အပြင် ဒီ Apple Font အတွက် မြန်မာစာ စာလုံးရေးတဲ့ ဦးစိုးဝင်းထံမှ တရားဝင် ဝယ်ယူပြီး ကိုယ့်အရသာ ပါဝင်စေတဲ့ အချက်အလက် တချို့ ပြုပြင်ထားတဲ့ စာလုံးများ ကိုသာ ကိုယ်ပိုင် အသုံးပြုခဲ့တဲ့ အတွက် အဲဒီ Apple Fontမှ လွဲ၍ Type များကို မည်သည့် စာလုံးများနှင့်မျှ အလွယ်တကူအသုံးပြုခဲ့ခြင်းမရှိပါ။

ဒီလို Type အခက်အခဲ ပြဿနာရှိခဲ့လို့ နှေင့်နှေးရခြင်းများကြောင့် မိမိ Creation ပြီးသော်လည်း ဒီဇိုင်းလုပ်တာကြာမြင့်သည် ဆိုသော နာမည် ကိုပင် ပျော်ရွှင်စွာ လက်ခံထားခဲ့ပြီး ဖြစ်ပါတယ်။

ဒါ့ကြောင့် မိတ်ဆွေများကို ထို Apple Type စာလုံးများမဟုတ်ဘဲနှင့် မည်သည့်ဒီဇိုင်းကိုမျှ အခြားသော စာလုံး TYPE များနှင့် မလုပ်ဖူးကြောင်းနှင့် ဤကဲ့သို့သောကိစ္စရပ်များအတွက် ဘယ်သောအခါမှ ကျွန်တော့်အား စိုးရိမ် ပူပန်ပေးရန်မလို ယုံကြည်စိတ်ချနိုင်ပါကြောင်း အသိပေးလိုပါတယ်။

အိမ့်ချစ်နဲ့ပါတ်သက်လို့ မှတ်ချက် သိလိုပါလျင် လည်း ကျွန်တော် ချစ်ခင်လေးစားသော အနုပညာရှင် အန်ကယ်ချစ်( ချစ်ကောင်း) ၏ သမီးဖြစ်သည့်အတွက် ဘာမျှ မှတ်ချက်မပေးလိုသော်လည်း သူ့နေရာ၊ ဂုဏ်သိက္ခာ အတွက် တိုက်ပွဲဝင်သည်ဟုပင် ထင်မြင်မိပြီး၊ အန်ကယ်ချစ်၏သဘောအတိုင်း သြဝါဒ စကားပြောရပါမူ အန်ကယ် ထူးအိမ်သင် လွမ်းဆွတ်ခြင်းပွဲ သမီးဆိုရတယ် ဆိုရင်ပဲ မြတ်လှပါပြီ၊ နာမည် ရှေ့ကနေရလို့ လည်း လောကီ၊ လောကုတ္တရာ အကျိုး စီးပွားနှစ်ဖြာ ထူးခြားသွားမှာမှ မဟုတ်တာ သမီးရယ်လို့ ဆိုရခြင်းမှာလည်း အန်ကယ်ချစ်က ကျွန်တော်တို့ကို ဆုံးမတဲ့အတိုင်းသာ ဟု။

သီချင်းစာအုပ်အတွက် ပုံများရေးဆွဲပေးကြသော ချစ်ခြင်းအားဖြင့် ညီအစ်ကိုများအားလည်း ကျေးဇူးတင်ရှိကြောင်းနဲ့ အားလုံးကို အသုံးပြုမှာဖြစ်ပါကြောင်း။

ဒီဇိုင်း မျိုးဆွေသန်း (ဆရာကျောင်း)

××××××××××××××××

အခက်အခဲ တွေ ဝေဖန်မှုတွေ အမျိုးမျိုး ရှိနေပေမယ့် ထူးအိမ်သင် ကို ချစ်ခြင်းအားဖြင့် မိသားစု၊ ဂီတ အသိုင်းအဝန်း နဲ့ ပရိသတ်များ အားလုံး ဝိုင်းဝန်းကြမယ့် ဒီ ဂီတပွဲတော် အောင်မြင်မှုရှိမယ်၊ အနုပညာ အားဖြင့်လည်း ကျန်မယ်၊ ထူးအိမ်သင်ရဲ့ ဂုဏ်ရည်တွေကိုလည်း တတ်နိုင်သလောက် အကောင်းဆုံး ဖော်ထုတ်နိုင်မယ်လို့ မျှော်လင့် ဆုတောင်းမိပါတယ်။

မိုးမခ ပရိသတ် အတွက်လည်း ထူးအိမ်သင် ရေးသားခဲ့ပြီး ၁၉၉၀ ခုနှစ်များမှာ ကျော်ကြားခဲ့တဲသီချင်း တပုဒ်ကို တပါတည်း တွဲလျက် တင်ဆက်လိုက်ပါတယ်။  ထူးအိမ်သင်ကို ချစ်ခြင်းအားဖြင့် ပေါ့။

တမ်းတခွင့်ပြုပါ (Two Versions)၊ သံစဉ်/စာသား -  ထူးအိမ်သင်၊ တေးဆို - ပိုင်သင်း (သန့်ဇော်)  (၁၉၉၃) ၊ တာရာ (၁၉၉၄)

♬ ♪ ♩ ♭ ♫ ∮
♫ ♪ ♫ ♪…

မယုံနိုင်အောင်ဘဲ.. နာကျင်.. ကြေကွဲ..
ရောင်စုံ.. အိပ်မက်တွေ..
မှုန်ရီ.. လွင့်ပြယ်.. ပျောက်ဆုံး.. သွားခဲ့ပြီလေ..
မုန်းပြီလား.. မေ့ပြီလား.. အိုး.. ချစ်သူလေး..
ဆွေးဖို့.. အကြောင်းပဲ..

မဆုံနိုင်အောင်ဘဲ.. ကံ မင်ရည်.. ကျဲ..
ချိုမြိန်.. စိတ်ကူးတွေ..
လေမှာ.. တစစီ.. ပြိုကွဲ.. သွားခဲ့ပြီလေ..
ဝေးပြီလာ.. ဆွေးပြီလား.. အိုး.. ချစ်သူလေး..
ကိုယ့်ကို.. (လွမ်းအောင်..) ထားခဲ့တာလား..

ပုလဲသီ.. တကွဲစီ.. ဝေးကြပြီ.. တယောက်.. တခြား..
စိတ်မှာ.. လိပ်ပြာ.. နှလုံးသားဟာ.. မှောက်မှား..
တွေးလေ.. ဆွေးလေ.. အတိတ်.. အရိပ်တွေ.. ခြောက်ခြား..

အို.. အိုး..

ပုလဲသီ.. တကွဲစီ.. ဝေးကြပြီ.. တယောက်.. တခြား..
စိတ်မှာ.. လိပ်ပြာ.. နှလုံးသားဟာ.. မှောက်မှား..
တွေးလေ.. ဆွေးလေ.. အတိတ်.. အရိပ်တွေ.. ခြောက်ခြား..

ရင်မှာ.. ကွယ်ပျောက်ဆဲ.. အလင်းရောင်လေး..
ဘယ်မှာလဲ.. (ဝေးသွားပြီ..)
ဘယ်မှာလဲ.. (ဝေးသွားပြီ..)
ဘယ်မှာလဲ.. အိုး.. အို..

ကြင်နာသူနဲ့.. မဆုံနိုင်သည်နောက်..
လေနှင်ရာ.. လွင့်ကာ.. (ဘဝရဲ့.. ညများ.. မှာ..)
အိပ်မက်ဆိုးတွေ.. ကိုယ့်အား.. ခြောက်လှန့်စဉ် အခါ..
ချစ်သူလေး..
အို.. မင်း.. အမည်လေးကို.. (ကိုယ့်အား..)
ရွတ်ဆို.. တမ်းတ.. ခွင့်ပေးပါ..

ချစ်သူလေး..
မင်း.. အမည်လေးကို.. (ကိုယ့်ကို..)
ရွတ်ဆို.. တမ်းတ.. ခွင့်ပြုပါ..


Music Video URL: http://youtu.be/Wrvgp6jEd9M

××××××××××××××××မိုးမခ မှတ်ချက်။  ။ ဓာတ်ပုံ များ အတွက် ပန်းချီဆရာ သန်းဌေးမောင် နှင့် ဒီဇိုင်း ဆရာ မျိုးဆွေသန်း (ဆရာကျောင်း)၊ ဒီဇိုင်းများပါ ထူးအိမ်သင် ကောက်ကြောင်းပုံ လက်ရာရှင် ဆရာမုတ်သုန် တို့ကို အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းပြုပါသည်။  ဓာတ်ပုံများ ကို အခကြေးငွေအလို့ငှာ စီးပွားဖြစ် တလွဲ အသုံးမပြုရန်နှင့် အပျော်တမ်း ပြန်လည် ယူငင် အသုံးပြုပါကလည်း သက်ဆိုင်ရာ ဖန်တီးသူ ပညာရှင်များ နာမည်ကို မပျက်မကွက် ဖော်ပြရန် မိုးမခ က အလေးအနက် သတိပေးပါသည်။