ဖိုးစီ (ရုံးတော) - အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကြိယာတမျိုးတည်းနဲ့ ကျနော်တို့ တိုင်းပြည်


ဖိုးစီ (ရုံးတော) - အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကြိယာတမျိုးတည်းနဲ့ ကျနော်တို့ တိုင်းပြည်
(မိုးမခ) စက်တင်ဘာ ၂၇၊ ၂၀၁၄
 
 
 photo Aung Htet

 
တလောဆီကမှ ဗမာပြည်ရောက်ပြီး ပြန်လာတဲ့ စလုံး မိတ်ဆွေ တယောက်နဲ့ ဒီနေ့ စကားပြောဖြစ်တယ်။  သူက ကျန်ာတို့ စက်ရုံကို ပစ္စည်း တချို့ သွင်းနေတဲ့ supplier ပါ။  ဗမာပြည်ဘက်က လုပ်ငန်းရှင်နဲ့ ချိတ်ပြီး သွားစနည်းနာတာ ၁၀ ရက်လောက်ကြာခဲ့တယ်၊ ရန်ကုန်၊ အင်း လေးနဲ့ ပုဂံကို ရောက်ခဲ့တယ်လို့ဆိုတယ်။  အရင်ကလည်း ရောက်ဖူးသတဲ့။

ကိုယ့်ဆီကို ရောက်ခဲ့တဲ့ ဒီက လူလတ်တန်းစား ပညာတတ်တယောက်ရဲ့အမြင်ကို သိချင်လာတာနဲ့ ဘာတွေ တွေ့ခဲ့ မြင်ခဲ့သလည်း စပ်စုကြည့်တော့ သူ့အဖြေက စိတ်ဝင်စားစရာကောင်းပါတယ်။

သူ့စကားအရ ဗမာတွေဟာ ဒီမှာတွေ့ရတဲ့ သူတွေ အတိုင်းပဲ မလေး၊ ဗီယက်နမ်တွေ နဲ့ မတူ ခြားနားစွာ ဆက်ဆံရတာ အင်မတန် အဆင်ပြေ ပါတယ်တဲ့။  အလုပ်တွဲလုပ်ချင်တဲ့ လူငယ်တွေဟာ ငွေလည်း တကယ်ရှိကြပုံ ရပြီး ပညာတတ်တွေပဲ များပါသတဲ့။  သူအံ့သြတာကတော့ လုပ်ငန်းအကြီးကြီး လုပ်နေပေမဲ့ ဘဏ်စနစ်ကိုတော့ နကန်း တစ်လုံးမှ သိပုံမရကြပါဘူး ဆိုပဲ။

သူက ပြန်ပြောပြတဲ့ အထဲ ကျနော် စိတ်ဝင်စားတာကတော့ ဘာသာစကားကိစ္စ နဲ့ ကြုံခဲ့ရတဲ့ သူ့ မှတ်ချက်ကလေးပါ။  သူတွေ့ခဲ့သူ အများစုက အင်္ဂလိပ်လို ကောင်းကောင်းပြောနိုင်တော့ ဘာသာစကား နဲ့တော့ အထင်သေးတဲ့ လေသံတော့ မထွက်ပါဘူး။

တမနက် သူ Sedona နားကနေ Taxi ငှားတော့ ကားဆရာက " Where do you go ? " လို့ မရှိတဲ့ အင်္ဂလိပ်စကား နဲ့ မေးလို့ အံ့သြရပါသတဲ့။

တညသားမှာတော့ ဗမာမိတ်ဆွေက ထမင်းလိုက်ကျွေးရင်း လူတချို့နဲ့ မိတ်ဖွဲ့ပေးလို့ စကားစမြည် ပြောကြရင်း လူတစ်ယောက်က " Yesterday , where do you go ? " လို့မေးပြန်ရောတဲ့ ..။

ဘယ့်နှယ်ပါလိမ့်လို့ ဆက်စကားပြောတော့လည်း အင်္ဂလိပ်လိုက အဟုတ်ပဲတဲ့ (စလုံး အမြင်နဲ့ ဟုတ်နေတာပါ)။

တခါ လူချင်းခွဲခါနီးတော့ " Tomorrow, where do you go ? " လို့ ထပ်မေးခံရပြန်တော့.. အမှတ်တရကိုဖြစ်ခဲ့ပါရောတဲ့။

ဒီမြန်မာတွေ အတိတ် ၊ ပစ္စုပ္ပန် ၊ အနာဂတ် ကို tense တစ်ခုတည်းနဲ့ ပြောကြသလိုပဲ တိုင်းပြည်ကလဲ old fashion, new fashion စုံလို့ပဲ လို့ မှတ်ချက်ပေးပါတယ် ။

ကျနော်မှာတော့ ထပ်ပြီးတော့ တွေးစရာတွေနဲ့ ကျန်နေခဲ့ပါတယ် ။

ကျနော် တို့တိုင်းပြည်ဟာ အတိတ်ကလဲ ဒီ စစ်ကြိယာ tense ၊ ပစ္စုပ္ပန်မှာလည်း ဒီ စစ်ကြိယာ tense နဲ့ ဆိုတော့ ပညာကိုကောင်းစွာ မသင်ခဲ့ကြရ ၊ မီလျှံနာတွေက ဘဏ်စနစ်ကို နားမလည်၊ ဒေသတွင်း အဆင့်မှာတောင် တန်းမ၀င်နိုင်ကြ။  ကမ္ဘာနဲ့ ၀င်ဆန့်ဖို့အထိ ပညာ နဲ့ တူသော စာကို တတ်ဖို့ ဆိုရင်တော့ အနာဂတ်မှာ ဒီ စစ်ကြိယာ tense ကို ဖြုတ်ပစ်နိုင်မှ လွတ်လပ် ပွင့်လင်း သန့်ရှင်းသော အခြေအနေ အောက်မှာ ကမ္ဘာသူကမ္ဘာသားတွေ နဲ့ တန်းဝင်နိုင်ကြပေလိမ့်မယ်။

တဖက်လူက ဖွင့်မပြောဘဲ နားလည်ခဲ့ရတာကတော့ ပြောင်းတယ်ဆိုပေမဲ့ ခုချိန်ထိတိုင်အောင် အဟောင်းထဲမှာပဲ တ၀ဲလည်လည် ရှိတုန်းပဲ ဆိုတာပါပဲ။

ဖိုးစီ (ရုံးတော)
စက်တင်ဘာ ၂၆၊ ၂၀၁၄

(ဆောင်းပါးရှင်သည် စင်္ကာပူတွင် ခေတ္တရောက်ရှိ အသက်မွေးဝမ်းကြောင်းပြုနေသည့် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းဆင်း အင်ဂျင်နီယာ တစ်ဦး ဖြစ်သည်။  အွန်လိုင်း ပုံနှိပ် စာနယ်ဇင်းများတွင်လည်း ကြိုကြား စာများ ရေးသားနေသူ ဖြစ်သည်။)