ဖိုးစီ (ရုံးတော) - ဗလသေန တော့ မလိုချင်ပါ


ဖိုးစီ (ရုံးတော) - ဗလသေန တော့ မလိုချင်ပါ
(မိုးမခ) အောက်တိုဘာ ၁၊ ၂၀၁၄


    အရှင် ဝီရသူ (အလယ်) သည် သီရိလင်္ကာ နိုင်ငံ၊ ကိုလံဘို  တွင် တနင်္ဂနွေ ၌ ကျင်းပခဲ့သည့် ဗုဒ္ဓဘာသာ အင်အားစု ညီလာခံ ၏ အထူးဧည့်သည်တော် တစ်ပါး ဖြစ်သည်။

    စလုံးက မီဒီယာကော့ပ် နဲ့ ဖေ့စ်ဘုတ် ကို သုတဘဏ် လုပ်နေခဲ့တဲ့ ကျနော့်အဖို့ ဦးဝီရသူ သီရီလင်္ကာ သွားပြီး BBS ညီလာခံ တက်တယ် ဖတ်ရတော့မှ ဒီအဖွဲ့ အကြောင်းကို အပူတပြင်း လိုက်ရှာဖတ်မိပါတယ်။

    BBS - Bodu - Bala- Sena (ဗောဓု၊ ဗလ၊ သေန) ရဲ့ အတိုကောက်ပါတဲ့။  ဗုဓ ပုဒ် ကနေဖြစ်လာတဲ့ ဗောဓု ဘုရား ကို ရှေ့ဦးက တင်ထားပေမဲ့ နောက်ကနေ ခွန်အားပြည့် စစ်သည် လို့ အဓိပ္ပာယ်ရတဲ့ ဗလ နဲ့ သေန ကို ဖွဲ့ထားပါတယ်။

    ဖတ်ရသမျှ အနောက် မီဒီယာ ပုံဖော်မှု တွေမှာတော့ နံမယ်ကောင်း မတွေ့ရပါဘူး။  အများစုကတော့ Ultra-nationalists တွေ အဖြစ်ပဲ ကင်ပွန်းတပ်ထားပါတယ်။  ၂၀၁၂ ခုနှစ်မှာ ဖွဲ့စည်းခဲ့တယ် ဆိုတဲ့ ဒီ သံဃာ တွေ ဦးဆောင်တဲ့ အဖွဲ့ဟာ သူတို့ဆီက နိုင်ငံရေး အတက်အကျတွေ၊ ဂယက်တွေ နဲ့ တော်တော်လေးကို နှီးနွယ်ပတ်သက်နေတာ ဖတ်ရပါတယ်။  BBS အကယ်ဒမီကျောင်း တစ်ခုကို သီရိလင်္ကာ ကာကွယ်ရေး ၀န်ကြီး ကိုယ်တိုင် ဖွင့်ပေးခဲ့တယ် ဆိုတာနဲ့ပဲ ရိပ်စားမိလောက်ပါပြီ။

    ဒီလို အဖွဲ့မျိုးက ကျနော်တို့ဆီက ဦးဝီရသူလို ပုဂ္ဂိုလ်ကို ပင့်ဖိတ်ပြီး ဇန်းတင်ပေးတာဟာလည်း မထူးဆန်းလှပေမဲ့ ကျနော်တို့ ဘာသာတရား ပုံရိပ်အတွက်တော့ မြွေပူရာကင်းမှောင့်တာပါပဲ။

    ဦးဝိစိတ္တလေး (ဦးဝီရသူ) ကို ထောင်မကျခင် က အင်မတန် လေးစားခဲ့ဖူးပါတယ်။  ဘုရားကြီး ပြဿနာ၊ တန့်ကြည့်တောင် ဘုန်းကြီး ကိစ္စ၊ မဟန ဆရာတော်ကြီးတွေ ကို ရင်ဆိုင်ခဲ့ပုံ၊ အာဏာရှင် ဆန့်ကျင်ရေး မကြောက်တရားတွေ စသဖြင့် စာသင်သား ငယ်ငယ်အနေနဲ့ အင်မတန် အားရခဲ့ဖူးပါတယ်။

    ဒါတွေကြောင့် အစိုးရက အမြင်ကတ်ပုဒ်မ ကြိုတပ်ထားထားပြီး ကျောက်ဆည်မှာ လမ်းလွဲတာနဲ့ ဆွဲစိခံရတော့တာပါပဲ။  ထောင်ကထွက်လာတဲ့ နေ့က အင်တာဗျူးကို ကြည့်လိုက်မိတာနဲ့ တခုခုမှားနေသလို ခံစားရပါတယ်။  နောက် မိုးမခ မှာ သူ့ စာတွေ ကြိုးကြား ဖတ်မိရင်းက ရင်လေးစရာတွေ တွေ့လာပါတယ်။

    ကုလား အဓိကရုဏ်းကြောင့် ထောင်ကျပြီး လွတ်လာတဲ့ ဘုန်းကြီးဆီကို တလခွဲ အတွင်း ကုလား အမှုတွဲ (၅၀၀) လောက် ရောက်လာတယ် လို့ ပြောပါတယ်။  အမျိုးသား နိုင်ငံရေးပဲ လုပ်တော့မယ် လို့ လူသိရှင်ကြား ပြောခဲ့သူ၊ သူ့ ကိုလည်း ထောင်ချခဲ့တဲ့ ဦးခင်ညွန့် လာပြီး ဦးတိုက်ပါတယ်။  ဦးအောင်သောင်း နဲ့ လက်ချင်းအုပ်ပြီး နှုတ်ဆက်ကြတယ်။

    ပထမဆုံး စာသင်တိုက် အပြင်ထွက်ခဲ့တဲ့ ခရီးစဉ်မှာပဲ အစိုးရ ၀န်ကြီးနဲ့ တိုက်တိုက်ဆိုင်ဆိုင် လေယာဉ် တထိုင်ခုံထဲ စီးပြီး စကားစမြည် ပြောကြတယ် လို့ ဂုဏ်ယူဟန်ပြောပါတယ်။  အစိုးရ၀န်ကြီးဆီက ငွေလှူ တွေလည်းလက်ခံပါတယ်။

    နိုင်ငံရေးမှာ တိုက်ဆိုင်တယ် ဆိုတာမရှိဘူးလို့ ကြားဖူး၊ မှတ်ဖူးပါတယ်။  သမိုင်းကို အခြေတည်ပြီး ပြောတဲ့စကားဖြစ်လို့ မှတ်သားထိုက်ပါတယ်။  နောက်ပိုင်း ဆက်ဖြစ်လာတာတွေ လူတိုင်းသိပါတယ်။

    ခုဆိုရင် ကျနော်တို့ဆီက ဘာသာရေး တင်းမာမှုဟာ ဒေသတွင်း နဲ့ ပါ ချိတ်ဆက်လာပါပြီ။  နိုင်ငံရေး အသုံးချခံ ပုံစံတွေလည်း တော်တော်ကြီးကို ဆင်တူပါတယ်။  ကျနော်တို့ အနေအထားအဆင့် နဲ့ ဘယ်သူ့ကိုမှ ဘာလမ်းညွှန်မှ မပေးတတ်ပါဘူး။  ဒါပေမဲ့ ဖေ့စ်ဘုတ် မိတ်ဆွေတွေထဲက “ကုလားအရေးဆို ဓားသွေးမယ်” ကြိမ်းနေတဲ့ ညီလေးတွေကိုတော့ ဒီလိုလေးတွေ ရှိခဲ့ကြောင်း ဖောက်သည်ချတာပါ။

    ဘာသာ၊ သာသနာ အရှည်တည်တံ့ ဖို့ အားပေးချင်သပ၊ ကြည်ညိုချင်သပ ဆိုရင်လည်း သီရိလင်္ကာ၊ ထိုင်း နဲ့ အိန္ဒိယ မှာ စာသင်နေကြတဲ့ စာသင်သား သံဃာတွေ အများကြီးပါ။  လှူမယ့် တန်းမယ့် လူ မရှိဘဲ ဆရာသမား မိဘ နဲ့ ရဟန်း ဒကာ လောက်က ထောက်ပံ့ငွေ နဲ့ ရပ်တည်နေကြရင်း အဆင့်မြင့် သင်တန်းတွေမှာ စာဝါလိုက်နေကြတာပါ။

    နောင်ခါ တနေ့ ကျနော်တို့ ပြည်တွင်း ဗုဒ္ဓဘာသာရဲ့ အသရေကိုဆောင်ကြမှာ အဲသလို ရဟန်းတွေပါ။  မျက်စိကို ကျယ်ကျယ်ဖွင့်၊ နားကို ကားကားစွင့်ပြီး ကိုယ်ပိုင် ဉာဏ်လေးနဲ့ ချင့်ပြီးမှ သူများ ပြောတာကိုယုံ၊ ကိုယ်တိုင် ပြန်ပြောကြဖို့ တိုက်တွန်းပါတယ်။

    သီရိလင်္ကာမှာ BBS ဟာ နောက်လိုက်များပါတယ်၊ ဗမာပြည်က ၉၆၉ လိုပါပဲ။  ဒါပေမဲ့ သူတို့ချည်း ရှိနေတာမဟုတ်ပါဘူး။  သိန်းဂဏန်း ရှိတဲ့ စာသင်သားတွေ ဗုဒ္ဓ တက္ကသိုလ်မျိုးစုံမှာ သင်ယူနေပါတယ်။

    ဗလသေန ဆိုတဲ့ ခွန်အားပြည့်စစ်သည် အတွေးအကြံတွေ ယူမလား၊ တက္ကသိုလ်ပေါင်းစုံက ဗုဒ္ဓ  မဟာ ဝိဇ္ဇာ M.A (Buddhism) တွေ၊ ပါရဂူ ဒေါက်ထရိတ် တွေ ယူလာမလား ကျနော့် မေးရင်တော့ ပရိယတ်စာပေ ဒေါက်ထရိတ်တွေပဲ ယူမှာပေါ့။

    စစ်တွေး စစ်ကြံ စစ်ဟန်တွေ ကိုယ့်ဆီမှာ နှိပ်စက်လွန်းလို့ ရွံလှပေါ့။

ဖိုးစီ (ရုံးတော)
၃၀ စက်တင်ဘာ၊ ၂၀၁၄
(ဆောင်းပါးရှင်သည် စင်္ကာပူ တွင် ခေတ္တ ရောက်ရှိ အသက်မွေးဝမ်းကြောင်း ပြုနေသည့် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းဆင်း အင်ဂျင်နီယာ တစ်ဦး ဖြစ်သည်။  အွန်လိုင်း ပုံနှိပ် စာနယ်ဇင်းများတွင် အတွေ့အကြုံ၊ အမြင်နှင့် အထွေထွေ ဆောင်းပါးများ ရေးသားနေသူလည်း ဖြစ်သည်။)

ဓာတ်ပုံ - Credit Lakruwan Wanniarachchi/Agence France-Presse — Getty Images