ငြိမ်းချမ်းအေး - လိမ်ဆင်မှိုင်းတွေကနေ ကိုယ်လွတ်နေပါစေ


ငြိမ်းချမ်းအေး - လိမ်ဆင်မှိုင်းတွေကနေ ကိုယ်လွတ်နေပါစေ
(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၁၄


 

ဘောလုံးပွဲ ကို တိုင်းချစ်ပြည်ချစ် စိတ် အရင်းခံ အားပေးချင်ရင် နိုင်ငံ့ လက်ရွေးစင် လူကြီးချင်း ကန်တဲ့ ပြိုင်ပွဲမျိုးကို အားပေးကြပါ။  ဥပမာ - ဆူဇူးကီး အရှေ့တောင် အာရှ ဖလား။  ကိုယ့် တကယ့် အဆင့်အတန်း ကို သိလိမ့်မယ်။

အားကစား အပါအဝင် ကဏ္ဍတိုင်း အတွက် တကယ် တိုင်းပြည် ကို ချစ်လို့ အောင်မြင် တိုးတက်စေချင်ရင် ကိုယ့် ပကတိ အခြေအနေမှန်ကို ကိုယ် အရင် သိမှ ရပါမယ်။  စစ်ဗိုလ်များနဲ့ ခရိုနီ တသိုက် ဝါဒ ဖြန့်ကောင်းရုံ ယူပြတဲ့ လိမ်ဆင်တွေကို နတ်ကရာ ကျီးမော့ မဖြစ်မိပါစေနဲ့။

ဆူဇူးကီး ဖလား ခြေစစ်ပွဲ မှာဆိုရင် အရှေ့တောင်အာရှ အနိမ့်ဆုံး (၅) သင်း ပတ်လည် ကန်ရတယ်။  ပ၊ ဒု နှစ်သင်းသာ နောက်ဆုံး အဆင့် ပြိုင်ပွဲကြီး ကို ဝင်ရတယ်။  အရင် ဗမာ အသင်း တရေးနိုး ထကန် နိုင်နေကျ ဖိလစ်ပိုင် အခု ခြေစစ်ပွဲ ဝင်ရတဲ့ အဆင့် မဟုတ်တော့ဘူး။  တကယ့် ပြိုင်ပွဲ ကနေ ဒူးနှံ့ စောင့်နေတဲ့ အနေအထား ဖြစ်သွားပြီ။



အရင် ဆောင်းပါးပေါင်းများစွာနဲ့ ထောက်ပြ ခဲ့ဖူးသလိုပါပဲ။

ဗမာပြည်မှာ ‘ထုတ်ကုန်နှစ်ဆ  တိုးမြှင့်ကြ ဟေ့..’ လို့ ဆိုခဲ့တယ်။  ‘လူမှောင်ခိုများ သတိထား’ လို့ အော်ခဲ့တယ်။  ‘ရေနက်ကွင်း’ ဆိုလည်း ‘ကွင်း’ ခဲ့ကြတယ်။  ‘စပါးငါးဟေ့.. စပါးငါး..’ ဆိုလည်း လုပ်ခဲ့ကြတယ်။  ‘သစ်စိမ့်’  ဆိုလည်း ‘စိမ့်’ ခဲ့ကြတယ်။  ‘ကြက်ဆူဆီ’ ဆိုလည်း ‘ဆီ’ ခဲ့ကြတယ်။  ‘လောင်စာတောင့်’ ဆိုလည်း ‘တောင့်’ ခဲ့ကြရတယ်။

တကယ့်လက်တွေ့မှာတော့ ဘာထုတ်ကုန်မှ မနှစ်ဆ ခဲ့သလို ဗမာပြည်က ကလေးသူငယ်၊ မိန်းမငယ်များလည်း အိမ်နီးချင်းတိုင်းပြည်တွေမှာ ကျွန်ခံလျက်၊ လူထု အများစု မှာ ငတ်လျက်၊ မီးက ပျက်လျက်၊ လယ်ထဲ ကိုင်းထဲမှာ နွားနဲ့ဖက် ရုန်းရလျက်ပါပဲ။

အာဏာရှင်စနစ်မှာ အလိမ် ဟာ “နှစ်လမ်းသွား” ဖြစ်တယ်။  အထက်က အောက်ကို လိမ်တယ်၊ အောက် က အထက်ကို လိမ်တယ်၊ အစိုးရက ဝန်ထမ်း နဲ့ ပြည်သူ ကို လိမ်တယ်၊ ဝန်ထမ်း နဲ့ ပြည်သူကလည်း အစိုးရ ကို ပြန်လိမ်တယ်။

ဒီလို တိုင်းပြည်မျိုးမှာ လူနာ အတု၊ ခွဲစိတ်ခန်းအတု၊ ဆေးတု၊ လူထု အတု (ထောက်ခံပွဲတွေမျိုး)၊ ဘုန်းကြီးအတု (ထောက်လှမ်းရေး ဘုန်းကြီး) က နေ ရသုံးမှန်းခြေ အတု၊ ဂျီဒီပီ အတု အထိ ရှိတယ်။

ဗမာ့ အားကစားလည်း ဒီ အာဏာရှင် စနစ်ရဲ့ အလိမ် သံသရာ ဒဏ် ခံနေရတာ လို့ တိုတို ဆိုနိုင်တယ်။

သက်တမ်း ပွဲတွေ ဆိုရင် မြို့နယ် က ခရိုင်ကို လိမ်တယ်၊ ခရိုင် က တိုင်း အဆင့် ကို လိမ်တယ်၊ တိုင်း က နိုင်ငံတော် အဆင့် ကို လိမ်တယ်။  နိုင်ငံ က ကျ နိုင်ငံတကာ ပတ် လိမ်တယ်။  အဆုံးသတ် ရလဒ် ရေရှည် အောင်မြင်မှုက နိတ္တ။

၉၀ ခုနှစ်များက စလို့ ပြည်သူများအကြား သည်းခြေကြိုက် ပြန်ဖြစ်လာတဲ့ ဘောလုံး ကို မူတည်ပြီး အားကစား ကဏ္ဍ ကို အသုံးချ လူထု ကို စည်းရုံးရင်း လိမ်ပြခဲ့ကြတယ်။  အခြေခံ ခိုင်မာ ပြုစု ပျိုးထောင်ရမယ့် ရေရှည်စီမံကိန်း ကို ဇောင်းမပေးဘဲ တပွဲတိုး အသက်လိမ် အားကစားသမားတွေနဲ့ သက်တမ်းလိုက် ကလေး၊ လူငယ် နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ရွှေတွေ ယူပြ၊ လူပြိန်းအများကို မျိုးချစ်စိတ်တွေ တည်ဆောက်ပြရင်း စစ်ဗိုလ်ချုပ် ဘဘကြီးများ ရဲ့ အစွမ်း ဟု ဂုဏ်တင်ကာ ဗိုလ်ခင်ညွန်တို့ ပွဲတက်ခံ သက်သက် အားကစား ဟာ ဖြစ်ခဲ့တယ်။

တိုင်းပြည်ရဲ့ မြို့တိုင်း လမ်းတိုင်းမှာ ကာရာအိုကေ၊ စင်တင်၊ ဘီယာဆိုင်၊ အနှိပ်ခန်း ရှိနေပြီး စာကြည့်တိုက် နဲ့ အားကစားကွင်း မရှိဖြစ်နေတဲ့ အခြေခံ စနစ်ကို ပြင်ဖို့ကိုတော့ အခု အချိန်ထိ ဘယ်တုန်းကမှ မကြိုးစားခဲ့ဖူးဘူး။

ကျောင်းသားအားကစား ပွဲတွေလည်း လုပ်ခဲ့ပါရဲ့၊ အမျိုးသားအားကစား ပွဲတော်တွေလည်း လုပ်ခဲ့ပါရဲ့၊ ဗိုလ်ခင်ညွန့် သားတော်မောင် ဦးဆောင်ပြီး စစ်သမီးများလည်း တလွှားလွှားနဲ့ လေထီးတွေ ခုန်ပြခဲ့ပါရဲ့၊ ရုပ်ရှင် မင်းသမီးများတောင် ပါခဲ့ပါသေးတယ်။  ခမ်းနားကြီး ကျယ်လှတဲ့ ဖွင့်ပွဲ၊ ပိတ်ပွဲ မင်းခမ်းမင်းနား ပွဲလမ်းသဘင်ကြီးတွေလည်း ကျင်းပခဲ့ပါရဲ့။  တိုင်းပြည် ဥစ္စာ ငါ့ ဘဏ္ဍာ ထုံး နဲ လူထုဆီက ဓားပြ တိုက်ယူထားတဲ့ ခရိုနီတွေရဲ့ ဓန ကို အသုံးချပြီး လက်ရွေးစင် အဆင့် အားကစား ကဏ္ဍ အသီးသီးကို ပံ့ပိုးခဲ့ပါရဲ့။

ဒါပေမယ့် စာသင်ကျောင်း၊ ရပ်ကွက် လို အောက်ခြေအဆင့်မှာကျ အားကစား ဆက်စပ် အဆောက်အအုံ၊ ပံ့ပိုးမှု က ကျီးနဲ့ ဖုတ်ဖုတ်သာ ဖြစ်ခဲ့တယ်။  နိုင်ငံတကာ အိုလံပစ် ပံ့ပိုးမှု အစီအစဉ် တွေ၊ ငွေကြေးတွေ ကျတော့ သက်ဆိုင်ရာ လူကြီးများက အလွဲသုံးစားပြုကြတယ်။  အိုလံပစ် စီမံကိန်း နဲ့ တည်ဆောက်ခဲ့တဲ့ အဆောက်အအုံ တခု က ဖာခန်းတောင် ဖြစ်နေလေရဲ့။

ခရိုနီများ ထောင်မြင် ရာစွန့် လုပ်ပိုင်ခွင့်အတွက် အသုံးပြုတဲ့ ပိုက်ဆံ ဒေါ်လာ သန်းချီ တွေဟာ တကယ့် ရင်းမြစ်လိုက်ကြည့်ရင် စစ်ဗိုလ်ချုပ်ကြီးများ ပွဲတက်၊ ချီးမြှင့်ရာ၊ တာဝန်ယူ ထားသူများ အလွဲသုံးစား လုပ်ရာ နဲ့ အထက်ပိုင်း လက်ရွေးစင် အဆင့်တွေမှာပဲ အလဟဿ သုံးဖြုန်းခဲ့ကြတယ်။  အခြေခံ မြေဆီ၊ မြေလွှာ ကောင်းအောင် ပြုစု ပျိုးထောင် မှု ကင်းမဲ့တော့ အားကစားဟာ ရေရှည်အောင်မြင် ကြီးထွားမှု ကင်းမဲ့ နေရတယ်။  အခြေမခိုင်တော့ ယိုင်လဲ ချည့်နဲ့ ရတာဟာ ဓမ္မတာပဲ ဖြစ်တယ်။

“ဖွင့်ပွဲတုန်းက.. ဖွင့်ပွဲတုန်းက.. မြိုင်မြိုင်.. ဆိုင်ဆိုင်.. တံတားကြီးကို ပြန်ကြည့်လိုက်တော့ ယိုင်တိုင်.. ယိုင်တိုင်“ ဆိုတဲ့ တံတားဖွင့်ပွဲ သံချပ် က တိုင်းပြည် ရဲ့ အားကစား အပါအဝင် အရာရာ အားလုံးအတွက် မှန်နေတယ်။

အားကစား အပါအဝင် စီပွားရေး၊ ပညာရေး ကဏ္ဍစုံရဲ့ ယှဉ်ပြိုင်မှု တိုင်းမှာ ကိုယ် ပြင်ဆင် ကြိုးစား လေ့ကျင့် ခြေလှမ်းတွေ လှမ်း သလို တခြား ပြိုင်ဘက်တွေကလည်း ရပ်နေတာမဟုတ်ပါ၊ သူတို့လည်း လှမ်းနေတယ်။

ဒီနေရာမှာ ကိုယ့် ခြေလှမ်းက မှန်မှန် မဟုတ်ဘဲ တပွဲထိုး များ၊ ဟန်ပြတွေများ၊ အပေါ်ယံရွှေမှုန်ကြဲ၊ အတွင်း မှာ လှိုက်စား ကာ ပေါင်သေးစီးကြောင်း မဖျောက် မျက်နှာ သနပ်ခါးလိမ်း၊ ပန်းပန်၊ ပတ်တီးရိုက် ဆေးမြီးတိုတွေပဲ များနေရင် တိုးတက်မှုနှုန်း နှေးကွေး၊ ရေရှည်အောင်မြင်မှုရလဒ် မဲ့ ဖြစ်ရတယ်။

ထိုင်းကို ကလေးပွဲမှာ ဂိုးပြတ်ကလေးနိုင်လို့ အလောင်းဘုရား ကြွေးကြော် မျိုးချစ်စိတ်တွေ ထက်သန် မပြချင်ပါနဲ့။  လက်ရှိ ထိုင်းက အရင် ဗမာ ချန်ပီယံ နှစ်ကြိမ် ဖြစ်ခဲ့ဖူးတဲ့ အခု ဝင်တောင် မပြိုင်တော့တဲ့ အာရှ အားကစားပြိုင်ပွဲမှာ ဆိုရင် နောက်ဆုံး လေးကြိမ် အုပ်စု အမြဲ လွတ်တယ်၊ အခု ၂၀၁၄ ပွဲ အပါအဝင် အကြိုဗိုလ်လုပွဲ နှစ်ကြိမ် ရောက်ခဲ့တာပါ။

ဖီဖာ အဆင့် မှာ အခု အောက်ရောက်နေတယ် ဆိုတာ လူကြီးအသင်း ပြိုင်ပွဲစုံ ရလဒ်တွေ ရဲ့ ပျမ်းမျှ ယူလို့ ယာယီ သဘော ရောက်နေတာပါ။  ထိုင်း သွားနေတာ က ရေရှည်အတွက်ပါ။  သူတို့ က ခက်ခဲတဲ့ အာရှ အဆင့်မြင့် ပြိုင်ပွဲတွေ ဝင်ကန် အရှုံးများနေလို့ အမှတ်မတက်တာပါ။  အချိန်တန် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲတို့၊ ဆူဇူကီး ဖလား တို့ မှာ ဆိုရင် ထိုင်း၊ ဗီယက်နမ်၊ အင်ဒို၊ မလေး၊ စင်္ကာပူ ဒီ (၅) သင်းပဲ အဓိက ပြိုင်ကြရမှာပါ။

အဲ့ဒီနောက် မှာမှ အရင် ဗမာ အသင်း ရှိတယ်။  အခု တော့ အဲ့ဒီ နောက် ခပ်လှမ်းလှမ်း နေရာမျိုးတောင် နည်းမှန်၊ လမ်းမှန် ပြင်ဆင် ချီတက်နေကြတဲ့ ဖိလစ်ပိုင်၊ လာအို၊ ကမ္ဘောဒီးယား လို နိုင်ငံတွေက ခြိမ်းခြောက်နေပါပြီ။

သူတို့အားလုံး နိုင်ငံ အစိုးရ၊ စနစ်၊ အုပ်ချုပ်မှု နဲ့ အကျင့်ပျက်မှု များမှာ ဗမာ နဲ့ ယှဉ်ရင် ပိန်မသာ လိမ်မသာ ဆိုတာ ဟုတ်ပါတယ်။  ဒါပေမယ့် သူတို့ လှမ်းနေတဲ့ ခြေလှမ်းတွေက ပို မှန်တယ်၊ အဝေး ကို မျှော်ကြည့် အမြော်အမြင် ထား အနာဂတ် အတွက် အပြုသဘော တည်ဆောက်နေနိုင်တယ် ဆိုတာကို သိသာ တိုးတက်လာတဲ့ သူတို့ရဲ့ ရလဒ် တွေက သက်သေပြုပါတယ်။

ဗမာပြည် မှာ ရေရှည် ကြည့်တာဆိုလို့ စစ်အုပ်စု + ခရိုနီ အကျိုးစီပွား အတွက် အနာဂတ်ကောင်း ရည်မှန်း စစ်ဖွဲ့စည်းပုံ ဆွဲ၊ စစ်လွှတ်တော် နိုင်ငံရေး လုပ်နေတာပဲ ရှိတယ်။

အားကစား ကတော့ အားအပေးဆုံး ဆိုတဲ့ ဘောလုံးတောင် အခု လူကြီးချင်း ကန်တော့ မနေ့တနေ့ကမှ နိုင်ငံသစ် တည်၊ နိုင်ငံတကာမှာ လူရာဝင် ပြိုင်ပွဲတွေ ဝင်လာတဲ့ လူ တသန်းကျော် အရှေ့တီမော လို နိုင်ငံမျိုး ကို သရေ ကျ ရတဲ့ ဘဝ မဟုတ်လား။

နိဂုံးချုပ်ရရင် စစ်အုပ်စု နဲ့ အပေါင်းအပါ များရဲ့ မျိုးချစ်စိတ် ဗန်းပြ ဝါဒ မှိုင်း ယိမ်း မကမိပါစေနဲ့။

သူတို့ လိမ်ချင် လိမ်ပါစေ။  ကိုယ့် က ပြန် မလိမ်နဲ့။  အလိမ်လည်း မခံပါနဲ့။  ကိုယ်က ရောရိရောရာ ယောင်တိယောင်ချာ ဝင်ပါ အလိမ်ခံနေသရွေ့ အာဏာရှင် စနစ် တည်မြဲနေဦးမှာပါ။  လိမ်ဆင် မှိုင်း တွေကနေ ကိုယ် လွတ်နေပါစေ။  ဒါဟာ တကိုယ်ရေ လုပ်နိုင်တဲ့ အရိုးရှင်းဆုံး ဒီမိုကရေစီ လူ့ဘောင်တည်ဆောက်ခြင်းပါ။

ငြိမ်းချမ်းအေး
၁၅ အောက်တိုဘာ၊ ၂၀၁၄

(ငြိမ်းချမ်းအေးသည် အွန်လိုင်း၊ ပုံနှိပ် စာနယ်ဇင်း များတွင် မျက်မှောက် ရေးရာနှင့် အထွေအထွေ အာဘော် ဆောင်းပါးများ ရေးသားနေသူ တယောက် ဖြစ်သည်။  ဆောင်းပါး ပါ အာဘော် နှင့် ပတ်သက်၍ ဝေဖန်ဆွေနွေးလိုပါက nyeinchanaye81@gmail.com သို့ စာရေး ဆက်သွယ်နိုင်သည်။)


Follow @ Facebook: https://www.facebook.com/nyeinchanaye81

ဆက်စပ် ဆောင်းပါးဟောင်းများ --

သူ့ခေတ်၊ ကိုယ့်ခေတ် နှင့် နောင်တခေတ်
http://moemaka.com/archives/34226
http://moemaka.blogspot.com.au/2013/04/nyein-chan-eain-football-will-power.html

အားကစားသမား ဘဝ အမှတ်တရများ (၁)
http://moemaka.com/archives/23687
http://moemaka.blogspot.com.au/2012/05/student-sports-festivals-days.html

အားကစားသမား ဘဝ အမှတ်တရများ (၂)
http://moemaka.com/archives/26275
http://moemaka.blogspot.com.au/2009/03/sports-by-nyein-chan-aye-part-2.html
http://blog.irrawaddy.org/2012/08/blog-post_3140.html

ကြတ်ကုန်း တစပြင် က သူယောင်ပွဲ
http://moemaka.com/archives/83
http://moemaka.blogspot.com.au/2013/12/nyein-chan-aye_11.html

ဗွီအိုင်ပီ ဆင်ဒရုန်း
http://moemaka.com/archives/69
http://moemaka.blogspot.com.au/2013/12/blog-post_8998.html

နှစ်ပြန်လိမ် တိုင်းပြည်ရဲ့ ကန္တာရနှစ်များ
http://moemaka.com/archives/36
http://moemaka.blogspot.com.au/2013/12/blog-post_17.html