ဖိုးစီ (ရုံးတော) - Sorry ပုံပြင်

ဖိုးစီ (ရုံးတော)   - Sorry ပုံပြင်
မိုးမခ ၊ နိုဝင်ဘာ ၃၊ ၂၀၁၄

(တစ်)

အင်္ဂလိပ်လို “Sorry” ဆိုသော စကားလုံးကို အသံဖလှယ်ကာ မြန်မာမှု ပြု၍ “ဆောရီး” ဟု ပြောဆိုသုံးစွဲ နေ ကြသည်မှာ မြန်မာ့လူမှု ပတ်ဝန်းကျင်တွင် နေ့စဉ်သုံး ဝေါဟာရပင် ဖြစ်၍နေပါပြီ။  ဘတ်စ်ကားပေါ်မှာ လူချင်း အမှတ်မထင် ထိခိုက်မိသော် “ဆောရီး”၊ တယ်လီဖုံး နံပါတ် မှားယွင်းခေါ်ဆိုမိသော် “ဆောရီး”၊ ယုတ်စွအဆုံး မိဘနှင့် သားသမီး အကြား ချစ်သူ လင်မယား အကြားတွေမှာပင် “ဆောရီး” အသုံး က တွင်တွင် ကျယ်ကျယ် နေရာယူလျက်ရှိသည်။

ကျနော်  ငယ်စဉ်က အမှားတခု ပြုခဲ့မိလျှင် “ကန်တော့၊ ကန်တော့” ဟု ရေရွတ်မြဲ။  ရွာမှ ထွက်ကာ မြို့ကြီးသို့ ရောက်၍ တက္ကသိုလ်မြေ ခြေချမိသော အခါတွင်မူ ထို ”ကန်တော့” စကားလုံး ပျောက်၍ “ဆောရီး” က ကျနော့် နှုတ်ဖျားသို့ ရောက်လာခဲ့သည်။  ရှိစေတော့။  ကျနော် တင်ပြလိုရင်းမှာ ဝေါဟာရ အသုံးအနှုန်း “ဆောရီး” တစ်လုံးထက် ပိုမို ကျယ်ပြန့် နက်ရှိုင်းသော စကားလုံး ၏ နောက်ကွယ်မှ တာဝန်ခံမှု အစိတ်အပိုင်းကိုသာ ဖြစ်သည်။

(၂၀၀၅) ခုနှစ်တွင် အလုပ်အကိုင် အခွင့်အလမ်းရှာဖွေရန် ကျနော် မြန်မာနိုင်ငံမှ ထွက်ခွာ၍ နိုင်ငံရပ်ခြားသို့ ရောက်ရှိခဲ့ရသည်။  ထိုသော အခါဝယ် မြန်မာပြည်တွင် နေခဲ့စဉ်က တွင်တွင်ကျယ်ကျယ် သုံးခဲ့သော “ဆောရီး” ဆိုသော စကားကို ပိုလို့ပင် ခံတွင်းတွေ့လာပါတော့ သည်။

သို့သော် ဒီမှာဘက်တွင် သုံးရသော “Sorry” က မြန်မာ့ ဆောရီး နှင့် အနည်းငယ် ကွဲလွဲလေသည်။  ဥပမာ - ကျနော့် အမှားတစ်ခု အတွက် “ဆောရီး” ဟု တောင်းပန်ခဲ့သော် မြန်မာ မိတ်ဆွေက “ကိစ္စမရှိပါဘူး၊ ရပါတယ်” လို့ ပြန်ပြော ပေလိမ့်မည်။  ဒီ နိုင်ငံရပ်ခြားမှာလည်း “Never mind’’ သို့မဟုတ် “It’s Okay.  Doesn’t matter” ဟု တုံ့ပြန်တတ်သည်။

သဘောသွား အတူတူ၊ အဓိပ္ပာယ် အတူတူပင် မဟုတ်တုံလော။  ဟုတ်ပါသည်။  သည်အထိ အတူတူပင် ဖြစ်သော်လည်း နောက်ဆက်တွဲ ခံယူချက်က ကွဲလွဲလှသည်ကို ကျနော့် အဖြစ် တခုမှနေ၍ သင်ခန်းစာ ကောင်းကောင်း ရခဲ့သည်။

××××××

(နှစ်)

တရက်တွင် ကျနော်တို့ စက်ရုံ၌ အပ်ထားသော အကြမ်းထည် ပစ္စည်းများမှာ ထုတ်လုပ်ရေး အဆင့် တခု၌ ပျက်စီး သွားခဲ့သည်။  ထိုစဉ်က ကျနော့် ရာထူးတာဝန်မှာ “QA Engineer - အရည်အသွေး တာဝန်ခံ” ဖြစ်လေရာ ဖြစ်ခဲ့သော ပြဿနာအတွက် ကုမ္ပဏီကို ကိုယ်စားပြု၍ ပြောရေးဆိုခွင့်ရှိသူ အနေဖြင့် ရှင်းလင်းပြောဆိုရန် တာဝန်မှာ ကျနော့် အပေါ်သို့ လုံးလုံးလျားလျား ကျရောက်လာခဲ့သည်။

အစည်းအဝေး ခန်းအတွင်းဝယ် တဖက် ပစ္စည်းရှင် ကုမ္ပ္ပဏီမှ လူကြီးများအား ဖြစ်ကြောင်း ကုန်စင် ရှင်းလင်း ပြောပြ ပြီးသောအခါ “Procurement Manager - ပစ္စည်းဝယ်ယူ ဖြည့်တင်းရေး မန်နေဂျာ” မှ ဤကိစ္စအတွက် ကျနော်မှ “Sorry” ဟုပြောရန် အစီအစဉ် ရှိ၊မရှိ မေးမြန်းလာပါသည်။  ကြီးမားသော ပျက်စီး ဆုံးရှုံးမှု အတွက် အလွန် လွယ်ကူလှသော တောင်းပန်စကား ဖြစ်နေရကား ကျနော်က ပြောပါမည်၊ “ဆောရီး” ပါ၊ ဒီ ဧရိယာ အပိုင်း ကိုလည်း တိုးတက်အောင် ကြံဆောင် ပါမည် အစရှိသဖြင့် QA တာဝန်ခံ တို့ ထုံးစံ ပြောသင့်သည်များကို ပြောခဲ့မိသည်။

သို့သော် ဤအစည်းအဝေးသည် နှစ်ဦးနှစ်ဖက် မှတ်တမ်းယူ နေသော တရားဝင် တွေ့ဆုံ ညှိနှိုင်းပွဲ ဖြစ်လေရာ ကျနော် ပြောသမျှသည်လည်း အလွတ်သဘောမဟုတ်၊ ကုမ္ပဏီ ကိုယ်စားပြု တရားဝင်ဖြစ်လျက် ရှိသည်ကို ကျနော် သတိမမူခဲ့မိချေ။  မကြာပါချေ။  ကျနော်၏ “Sorry” တစ်လုံးကို မှတ်တမ်းပြုလျက် ပျက်စီးခဲ့ရသော ပစ္စည်းများ၏ တန်ဖိုးကို ပေးဆောင်ရန် ကုမ္ပဏီ၏ ငွေစာရင်းဌာနသို့ “Debit Notes - အကြွေးတောင်းစာ” များ ရောက်လာခဲ့တော့မှ ဤမှာဘက် တိုင်းနိုင်ငံများ၏ “ဆောရီး” တစ်လုံး နှင့် တောင်းပန်မှု ဆိုသည်မှာ နောက်ဆက်တွဲ တာဝန်ယူမှုများတွဲလျက် ပါဝင်နေကြောင်း အံ့သြခြင်း ကြီးစွာ နားလည်ခဲ့ရသည်။

ယနေ့ အချိန်အခါဝယ် ကျနော်တို့ နိုင်ငံ၌ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များ ဖြစ်ထွန်း အောင်မြင်လျက်ရှိပြီဟု အစိုးရ တာဝန်ရှိသူများ မကြာခဏ ထုတ်ဖော် ၀ံ့ကြွားလျက်ရှိပါ၏။  အမှန်တကယ်ပင် ပြုပြင် ပြောင်းလဲလျက် ရှိပြီလော။  ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များ၏ “Third Wave” ဟုခေါ်တွင်သည့် “တတိယလှိုင်း” သည်လည်း “တာဝန်ယူမှု၊ တာဝန်ခံမှု” ဟု ဆိုကြပြန်၏။ အမှန်တကယ်ပင် တာဝန်ယူ ၊ တာဝန်ခံတတ်သော အလေ့အထ တို့ စတင်ဖွံ့ဖြိုးနေပါပြီလော။  ခေတ်ဆိုး၊ စနစ်ဆိုးကြီးထဲမှ အတွေးအခေါ်ဟောင်းများကို ပစ်ပယ်ကာ စိတ်သစ်၊ မူသစ်၊ ၀ါဒ အသစ်ဖြင့်တိုင်းပြည် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ အမှန်တကယ် ဖြစ်ထွန်းနေပါပြီလား ဆိုသည်ကို ဤ ဆောရီး တစ်လုံး အသုံးအနှုန်းဖြင့်ပင် ကျနော် တိုင်းတာလိုပါသည်။

××××××

(သုံး)

၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းအလွန် ကာလ၀ယ် ကျင်းပခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြု ပြဌာန်းရေး လူထုဆန္ဒ ခံယူပွဲ၌ သန်း (၆၀) ခန့်မျှသော ပြည်သူလူထု ကြီးက တခဲနက် မဲပေး ဆန္ဒပြု ခဲ့ကြောင်းကို ထိုစဉ်က အစိုးရ တာဝန်ရှိသူများက ကမ္ဘာသိ ကြေညာခဲ့ပါသည်။  ဤကြေညာချက်သည် နိုင်ငံတော်အဆင့် အမျိုးသား အဆင့် အရေးကြီးလှသော ပြန်တမ်း တစ်ရပ်လည်း ဖြစ်သည်။

ယခုနှစ် (၂၀၁၄) ခုတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူဦးရေ သန်းခေါင်စာရင်း ကောက်ယူ ပြီးသော အခါတွင် အမှန်တကယ် ကောက်ခံရရှိသော လူဦးရေ မှာ (၅၁) သန်းမျှသာ ဟူ၏။  ကမ္ဘာ့ သမိုင်း ရာဇ၀င်တွင် စာတင်ရမည့် လူဦးရေ ကိုးသန်းမှားယွင်း လိမ်လည်မှု ကြီး ဘွင်းဘွင်းပေါ်ခဲ့ပြီ။

ဒေသတွင်း သတင်းစာများက “Missing 9 milions - လူ ၉သန်းပျောက်ဆုံးမှုကြီး”  ဟူ၍ ခေါင်းတင်ကာ စာလုံးမည်းကြီးများဖြင့် အရေးတယူ ဖော်ပြကြသည်။  ထိုစဉ်က လက်မှတ်ထိုး ထုတ်ပြန်ကြေညာခဲ့သော တာဝန်ရှိ လူကြီးများသည် ယနေ့ကာလ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ် ၌လည်း ရှေ့တန်းမှ ပါဝင်ကာ နိုင်ငံ၏ အရေးကြီးလှသော ထိပ်ပိုင်းတာဝန်များကို ယူထားဆဲပင် ဖြစ်၏။

အမှားဆိုသည် ကမ္ဘာ့ တိုင်းနိုင်ငံ ခေါင်းဆောင်တိုင်း မကင်းသော အရာ ဖြစ်သည်ကို နားလည် လက်ခံရန် ၀န်မလေး လှသော်လည်း မိမိ နိုင်ငံ၏တာဝန်ရှိ လူကြီးများ၏ ရုပ်ဆိုး အကျည်းတန် လှသော မှားယွင်း လိမ်လည်ခဲ့မှု အတွက် တာဝန်ခံကာ ဆောရီး တစ်လုံးတစ်လေများ ကြားရလေမလားဟု နိုင်ငံသား တစ်ယောက်အနေဖြင့် တိတ်တခိုး မျှော်လင့်နေခဲ့သည်မှာ အမှန်ပင် ဖြစ်ပါ၏။

ဤ စာရေးနေချိန် ကာလအထိတော့ဖြင့် ၀န်ခံမှု တစ်စုံတစ်ရာ မကြားရသေးဘဲ ဤ အဖြစ်အပျက်သည် ဘဒ္ဒကမ္ဘာ၌ ဖြစ်ခဲ့ဖူးခြင်း မရှိလေဟန် မျက်နှာပြောင်စွာ ဗိုလ်ဝင်ခံလျက်ရှိသည်။  အလွန် လွယ်ကူ လှသော ဆောရီး တစ်လုံးကိုပင် စေးနဲ ကုတ်ကတ် နေသော အစိုးရမင်းများထံမှ နောက်ဆက်တွဲ တာဝန်ခံမှုကို မျှော်လင့်ရန်ကိုမူ ကမ္ဘာ ခြားအောင် ကွာဝေးလျက်ပင်ရှိသေး၏။

နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် များမြောင် လှစွာသော ဖရိုဖရဲ ဖြစ်စဉ်များ၊ မှားမှားယွင်းယွင်း စီမံခန့်ခွဲမှု၏ အကျိုး ဆက်များ ပေါ်ထွက်လာ လေတိုင်း မှာလည်း အမြီးအမောက် မတည့်လှသည့် မိုးနတ်မင်းထံ ဆုတောင်းကြရန်၊ ဖယောင်းတိုင် ထွန်းနေကြရန်၊ ဓာတ်ကြိုး ကြည့် ရှောင်ရန်၊ ထမင်းတစ်နပ် လျှော့စားကြရန်၊ ပါးရိုက်ခံဖို့ တန်းစီကြရန် စသည့် အရူးချေးပန်း ညွှန်ကြားချက်များသာ လူအများ ရယ်ဖွယ်ဖြစ်အောင် ပြောဆိုတတ်သည်မှ လွဲ၍ သင့်လျော်သည့် တာဝန်ခံ တောင်းပန်မှု၊ နောက်ဆက်တွဲ အရေးယူ စီမံခန့်ခွဲမှု ဟူသည် မကြားရဖူး သေးပါချေ။  “Preventive Action” ဟုခေါ်ဆိုသည့် နောင်မဖြစ်ပွားရန် ကြိုတင်ကာကွယ်မှု ဟူသည်ကား အကနိဋ္ဌဘုံသို့ တိုင်အောင် ကွာဝေးလွန်းလှတော့သည်။

××××××

(လေး)

တိုးတက် ဖွံ့ဖြိုး၍ ပညာဖြင့် စီမံခန့်ခွဲသော ဤမှာဘက် နိုင်ငံများ၌ကား ရာထူး၊ တာဝန် နှင့် ပြည်သူ့အာဏာ ကို စွဲကိုင် လုပ်ပိုင်ခွင့်ရသော ၀န်ထမ်းဟူသမျှ တာဝန်ယူမှု “Responsibility” နှင့် တာဝန်ခံမှု “Accountability” တို့ကို ဦးထိပ် ပန်ဆင်၍ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ကြရလေသည်။  မဖြစ်စလောက်သော သေးငယ်သည့် အမှားများကိုပင် တာဝန်ခံ ဖြေရှင်းပေးကြသည်။  ဆိုင်ရာ လုပ်ငန်းများ၌ လည်း တာဝန် ခံနိုင်အောင် လေ့ကျင့် သင်ကြားပေး၍ နားလည်အောင်လည်း ကြိုးစားကြရသည်။

အကြောင်း တစ်စုံတစ်ရာ ဖြစ်ပွားလာခဲ့သော် အများပြည်သူအား တတ်နိုင်သမျှ အပြစ်မတင်မိအောင် ဂရုပြု ရှောင်ရှား ပြောဆိုတတ်ကြသည်မှာလည်း အတုယူဖွယ်ပင်။  ဖြစ်လာခဲ့မျှသော အကြောင်းချင်းရာများကို ဖြေရှင်းရာ၌လည်း တစ်ပွဲတိုး လက်ပူတိုက် ဖြေရှင်းခြင်းမျိုး မဟုတ်ဘဲ အမှားကို သင်ခန်းစာ တစ်ခုပမာ ထားလျက် နောင်အရှည် ထပ်မံမဖြစ်ပွားရလေအောင် ကြံဆောင်စီမံ ခန့်ခွဲတတ်ကြလေသည်။

နိုင်ငံအတွင်းမှ တာဝန်ယူ တာဝန်ခံမှု၊ စီမံခန့်ခွဲမှု အားနည်းလှသော ကိစ္စ တစ်ခုကို အလျဉ်းသင့်၍ ဥပမာပေးရလျှင် လတ်တလော ဖြစ်ပွားခဲ့သည့် ကလေး နည်းပညာတက္ကသိုလ်မှ စာဖြေကျောင်းသားများ၏ ဖြေလွှာစာအုပ်ထုပ် ပျောက်ဆုံးမှုကို ကြည့်နိုင်လေသည်။  ဤကိစ္စသည် ယခင် တစ်ကြိမ် ကလည်း အဆိုပါ တက္ကသိုလ်၌ပင် ဖြစ်ပွားခဲ့ပြီဆိုရာ သက်ဆိုင်ရာ ၀န်ကြီးဌာန၏ စီမံခန့်ခွဲပုံ မည်မျှ ကသောင်းကနင်း ဖြစ်နေပြီလဲ ဖော်ပြလျက်ရှိသည်။

ပျောက်ဆုံးမှုကို ဖြေရှင်းရာ၌လည်း ယခင် စစ်အစိုးရခေတ် ကာလများကဲ့သို့ပင် ကျောင်းသားများအားလုံး ဂုဏ်ထူးမှတ်ပေးသောဟူ၏။  အဖြေလွှာများ ပျောက်ဆုံးမှုတွင် ကျောင်းသားများ၏ အပြစ် တစ်စုံတစ်ရာ ရှိလိမ့်မည် မဟုတ်သော်လည်း ဤနည်းဖြင့် ဖြေရှင်းခြင်းမှာ နည်းလမ်းကောင်း မဟုတ်သည်မှာတော့ ထင်ရှားပါသည်။

ဤကိစ္စအတွက် အနိမ့်ဆုံး တာဝန်ခံမှ စ၍ အမြင့်ဆုံး မည်သူက တာဝန်ရှိသည်၊ နောင်ကို မဖြစ်ပွားရလေအောင် မည်သည့် လုပ်ထုံးလုပ်နည်းများဖြင့် ကာကွယ် ကာ တာဝန်ခံမည် ဟု မကြားသိရဘဲ တရားခံကိုသာ အပူတပြင်းရှာဖွေ စွပ်စွဲလျက်ရှိကြသည်ကို ၀မ်းနည်းဖွယ် ကြားသိနေရပါသည်။  ကျောင်းသားများ၊ ကျောင်းသား မိဘများ အနေဖြင့် သက်ဆိုင်ရာ ၀န်ကြီးဌာန တာဝန်ခံ ပုဂ္ဂိုလ်များထံမှ ဆောရီး တစ်လုံးနှင့် အမှား ၀န်ခံကာ တာဝန်ယူစိတ်ကို ကြားသိရမည့်အစား အားလုံး ဂုဏ်ထူး ဟူသည့် မလျော်သော ဆုံးဖြတ်ချက်ကြီးကိုသာ လာဘ်ပေး လာဘ်ယူ သဖွယ် လက်ခံလိုက်ရချေတော့မည်။  မည်မျှ မှားယွင်းလိုက်သည့် စီမံခန့်ခွဲမှု ပေနည်း။

ယခု နှစ်အစောပိုင်းက မလေးရှားနိုင်ငံ မြို့တော်၌ မိုးပျံ ရထား စနစ်ချို့ ယွင်းမှု ဖြစ်ပေါ်၍ သုံးနာရီခန့်မျှ သွားလာ ဆက်သွယ်ရေးများ ကသောင်းကနင်းဖြစ်ပေါ်ခဲ့ရာ သက်ဆိုင်ရာ ဌာနကြီးမှူးမှ နေ့မဆိုင်းဘဲ အများ ပြည်သူအား တောင်းပန်ပြီး ရာထူးမှ နှုတ်ထွက်သွားခဲ့သည်။

စင်္ကာပူ ရထားလည်း အလားတူပင်။  တစ်လအတွင်း (၃) ကြိမ် ဆက်တိုက် မိနစ် အနည်းခန့်မျှ ချို့ယွင်းမှု ဖြစ်ပွားခဲ့ရာ အုပ်ချုပ်မှု ဒါရိုက်တာမှ တောင်းပန်၍ ရာထူးမှ နှုတ်ထွက်လွှာ တင်သွင်းကာ သူ၏ တာဝန်ခံမှုကို ပြသခဲ့သည်။  ကိုးရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ ထိုင်း အစရှိသည့် ဒေသတွင်း နိုင်ငံများမှ ခေါင်းဆောင်များ၏ အလားတူ တာဝန်ယူ တာဝန်ခံ တောင်းပန်မှု၊ အများပြည်သူ စိတ်ကျေ နပ်စေရန် နောက်ဆက်တွဲ စီမံခန့်ခွဲမှု များကြားသိ နေရသည် မှာလည်း အားကျ အတုယူ ထိုက်ဖွယ်ရာ များပင် ဖြစ်သည်။ 

ကျနော်တို့ နိုင်ငံတွင်တော့ တစ်ခါဖူးမျှပင် မှားမှားယွင်းယွင်း ချွတ်ချွတ်ချော်ချော် မဖြစ်ခဲ့ဖူးသည့် အလား တာဝန်ရှိသူများထံမှ ဆောရီး စကား တစ်ခွန်းမကြားရဖူးဘဲ မသိနားမလည်သည့် အများပြည်သူကိုသာ အပြစ်တင် ယိုးမယ်ဖွဲ့လျက် မိုးကြိုးပစ်ရာ ထန်းလက်ကာ လျက်ရှိကြ ဆဲပင်။

××××××

(ငါး)

တိုင်းပြည်အတွင်း ရေကြီးခြင်း၊ ဆည်ကျိုးခြင်း၊ လျှပ်စစ် မီးပြတ်ခြင်း၊ ဓာတ်လိုက်၍ လူအများ မသေသင့်ဘဲ သေရခြင်း၊ မိုးခေါင်ခြင်း၊ အာဟာရပြတ် သေဆုံးခြင်း အစရှိသော ကပ်ဆိုး အမျိုးမျိုးအတွက် “Disaster Management - ကပ်ဘေးအန္တရာယ်များ ဆိုင်ရာစီမံခန့်ခွဲမှု”၊ “Disaster Recovery Plan - ကပ်ဘေး ကျရောက်ခြင်းများအား ပြန်လည် နာလန်ထူရေး အစီအမံ” များ ရေးဆွဲ၍ သဘာဝ အန္တရာယ်ကြောင့်လော၊ လူလုပ် အမှားလော၊ ကြိုတင် ကာကွယ်နိုင်သော ချို့ယွင်းချက်လော စသဖြင့် တတ်ကျွမ်း နားလည်သည့် ပညာရှင်များ၏ အကြံဉာဏ် ကိုယူ၊ တာဝန်ခံသင့်သည်ကို တာဝန်ခံကာ အမှားကို ၀န်ချ တောင်းပန်လျက် ကောင်းမွန်သော စီမံခန့်ခွဲမှုဖြင့် အသစ်က ပြန်စရန် အုပ်ချုပ်စီမံသူတို့အား ပြည်သား တစ်ယောက် အနေဖြင့် တောင်းပန်ချင်လှသည်။

လက်ရှိ သမတ အစိုးရ သက်တမ်း ငါးနှစ် ပြည့်ရန် တစ်နှစ်ခန့်မျှသာ လိုပါတော့သည်။  ပြုပြင် ပြောင်းလဲရေးများ လုပ်ခဲ့ပါသည် ဟူသည့် သမိုင်း မှတ်တမ်းကို ကိုင်ဆောင်လိုသည့် သမတ အစိုးရ အနေဖြင့် လက်ကျန် ကာလ ကလေးတွင် အမှားကို ၀န်ခံတတ်သည့် “ဆောရီး” ပြောတတ်သော သမိုင်း စံနမူနာ ကလေးပါ ထပ်ဆောင်း၍ ထိုဝန်ခံမှုအတွက် တာဝန်ခံ ဆောင်ရွက်တတ်သော “Good Government - ကောင်းမွန်သည့် အစိုးရ” အဖြစ်ကို သာမန် ပြည်သူ တစ်ယောက်အနေဖြင့် မြင်လိုလှပါသည်။

တာဝန်ခံမှု၊ တာဝန်ယူမှု စိတ်ဓာတ် အပြောင်းအလဲ အနေဖြင့် အမှားကို ၀န်ခံတတ်သည့် “ဆောရီး” ပြောတတ်သည့် အလေ့အထ ထွန်းကား လာစေချင်ပါသည်။  သို့သော် ကျနော် ဆိုလိုသော “ဆောရီး” သည် နောက်ဆက်တွဲ တာဝန်ယူမှု ပါဝင်သော “ဆောရီးမျိုး” ဖြစ်ရန်လိုသည်ကို သက်ဆိုင်သူများ အလေးအနက်သတိ ချပ်စေ လိုပါ၏။

ဖိုးစီ (ရုံးတော)

အတွဲ (၅)၊ အမှတ် (၁၈) Messenger ဂျာနယ် တွင် ပုံနှိပ် ဖော်ပြခဲ့ပြီး ဖြစ်သည်။


(ဆောင်းပါးရှင်သည် စင်္ကာပူ တွင် ခေတ္တ ရောက်ရှိ အသက်မွေးဝမ်းကြောင်း ပြုနေသည့် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းဆင်း အင်ဂျင်နီယာ တစ်ဦး ဖြစ်သည်။  အွန်လိုင်း ပုံနှိပ် စာနယ်ဇင်းများတွင် အတွေ့အကြုံ၊ အမြင်နှင့် အထွေထွေ ဆောင်းပါးများ ရေးသားနေသူလည်း ဖြစ်သည်။)