ငြိမ်းချမ်းအေး - ဒီမိုကရေစီနည်းကျ သရော်ပါ


ငြိမ်းချမ်းအေး - ဒီမိုကရေစီနည်းကျ သရော်ပါ
(မိုးမခ) ဖေဖော်ဝါရီ ၂၈၊ ၂၀၁၅

ဆရာ ညီပုလေး၏ ခေတ်ကိုထင်ဟပ်စေသည့် အဆင့်မြင့် သရုပ်ဖော် အနုပညာ

ဒီမိုကရေစီကို ဈေးဖျက်ကြသူများ (၄)

ဆရာညီပုလေး ရဲ့ ဝတ်စုံပြောင်း အာဏာရှင် သရုပ် ဖော်ထုတ်ပြပွဲ သရုပ်ဖော်ပုံ သိပ်ကောင်း၊ သိပ် အဆင့်အတန်း ရှိတယ်။  တိုင်းပြည်မှာ အဆင့်မြင့်တဲ့ ကျင့်ဝတ် သိက္ခာရှိ သရော်ခြင်း အနှပညာတွေ များများ ထွန်းကားဖို့ လိုနေတယ်။

ဆရာ ညီပုလေးရဲ့ Peformance သရုပ်ပြကွက်ကို ဒီမှာသွားကြည့်နိုင်ပါတယ်။
https://www.facebook.com/video.php?v=10202506820310653

အွန်လိုင်းမှာ လူကြိုက်များလေ့ရှိတဲ့ စစ်ဗိုလ်ချုပ်တွေကို မိန်းမလို ဝတ်ပေး၊ မိန်းမလျာလိုပုံဖော်တဲ့ မဟာဖိုဝါဒီများရဲ့ ကျင့်ဝတ်မဲ့ ကျား-မ လိင်ခွဲခြား၊ လိင်တူချစ်သူ အမုန်းရောဂါသည် အောက်တန်းစား ပုံဖျက် ဒီမိုကရေစီ ထုတ်ကုန် ပစ္စည်းတွေ နေရာမှာ အဆင့်တန်းရှိ ဒီမိုကရေစီ စံချိန်မီ  သရော် အနုပညာကုန်တွေ အစားထိုးဖို့ လိုနေတယ်။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကို အမှန်တကယ် မြတ်နိုးရင် စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင် အတွေးအခေါ် ရှိသူတွေကို အကျင့်သီလ စင်ကြယ် ရပ်တည်ချက် ခိုင်ခိုင်မာမာနဲ့ နည်းလမ်းပေါင်းစုံ ဆန့်ကျင်ပြဖို့ လိုနေတယ်။

ဒီနေရာမှာ အဆင့်မြင့် ကျင့်ဝတ်ပြည့် သရော်ခြင်း အနုပညာ ကလည်း တတပ်တအား ပါဝင်ရမယ်။

ဆရာဦးဝင်းတင်တို့ ထောင်ထဲမှာ ဟားတိုက်ပွဲ ဆင်နွှဲ မတရား ဖိနှိပ်မှုကို  ဘာမထီ ပြန်လှန် အာခံသလိုမျိုး အခုလည်း တိုင်း ပြည်တဝှမ်း စစ်ထောင်ကျနေဆဲ အချိန်မို့ သရော်ခြင်း၊ ဆော်ခြင်း ဟားတိုက်ပွဲတွေနဲ့ တော်လှန်ရပါမယ်။  ဒါပေမဲ့ အဆင့်တော့ ရှိရပါမယ်။  အဆင့်မရှိရင် ကိုယ်လည်း ဒီမိုကရေစီ အသံ ဘယ်လောက် ညံ ပြောနေပေမဲ့ အာဏာရှင်တွေ၊ သူ့တို့ လက်ကိုင် တုတ်တွေနဲ့ တတန်းထဲ ဖြစ်သွားပါမယ်။

အနီးစပ်ဆုံး ဥပမာ တခု ပေးချင်ပါတယ်။  ဟိုတရက်က ဗိုလ်ကျော်ဆန်း တရုတ် သမချေးငွေကိစ္စ လွှတ်တော်မှာ ပြန်ဖြေပုံကို ဒီမိုကရေစီ လိုလားသူ (ဆိုသူ) များ ပြန်ပြောကြတော့ ယောက်ျားကြီး တန်မဲ့ မိန်းမလို၊ မိန်းမရတို့ ငါးစိမ်းသည်အတိုင်းတို့ ဆိုကြတယ်။ တမ်းပြီး အပေါစား ကာတွန်းတကွက်လည်း ထွက်လာတယ်။

အမျိုးသမီးကို ပုံစံကားချပ် တခုသတ်မှတ်ပြီး အတင်းပြောမှု၊ စကားလှည့်ပတ် ပြောမှုတို့နဲ့ ထပ်တူပြုထားတဲ့ ဗမာ့လူ့အဖွဲ့ အစည်းက အရိုးစွဲ ယောက်ျားကြီးဝါဒီများရဲ့  အောက်တန်းကျ  အတွေးအခေါ်ရလဒ်တွေပါပဲ။

တကယ်တော့ ကျား-မ ဘယ်သူမဆို အဆင့်မတန်းမရှိသူ မရှိ၊ ငါ့စကားနွားရ ပြောသူက ပြောမှာပါပဲ။  ဗိုလ်ကျော်ဆန်း က မိန်းမဆန်လို့ အဲဒီလို အပြောမျိုးတွေ ဆိုတာမဟုတ် သူ့ပင်ကိုယ် အဆင့်အတန်း၊ စရိုက်၊ အကျင့်ကြောင့် ပြောခြင်းသာ ဖြစ်ပါတယ်။

ဒီ  ဖြစ်စဉ်မှာ ကျား-မ ခွဲခြား ပြောရုံမက အလုပ်အကိုင်နဲ့ လူတန်းစား ခွဲခြားမှု အမြင်ပါ ဗမာ့ လူ့အဖွဲ့အစည်းမှာ ဘယ်လောက် ကြီးနေတယ် ဆိုတာကို ပြနေပါတယ်။

အမှန်တော့ ငါးစိမ်းသည်မို့ ရန်တွေ့ တတ်တာ မဟုတ်ပါဘူး။  တက္ကသိုလ်က ပါမောက္ခဆိုသူတွေ၊ စစ်အရာရှိ ဆရာဝန်ကြီး ဆိုသူတွေလည်း နင်ပဲငဆပြော ဆဲဆို ရန်တွေ့တတ်ပါတယ်။

ကျား-မ လိင်ကွဲပြားမှု၊ လိင်တိမ်းညွတ်မှု ကွဲပြားမှု၊ အသားအရောင်၊ လူမျိုး၊ ဘာသာ၊ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် ဘာတခုကို မှ အခြေခံ အုပ်စုဖွဲ့ တသမတ်တည်း ကောက်ချက် ဆွဲလို့မရပါဘူး။  အဆင့်အတန်း၊ ကျင့်ဝတ်၊ သီလ၊ ကိုယ်ကျင့် တရား၊ ယဉ်ကျေးမှု၊ သတ်မှတ်လို့ မရပါဘူး။

ကျနော် ချစ်တဲ့တိုင်းပြည်မှာ ကျနော်လိုချင် ထွန်းကားတည်တံ့စေချင်တဲ့ ဒီမိုကရေစီဆိုတာ အဲဒီလို ဒီမိုကရေစီမျိုးပါ။

ကျနော်လိုချင်တဲ့ လူ့အခွင့်အရေးက ယောက်ျားအုပ်စုတခုတည်း၊ မိန်းမနဲ့ မိန်းမလျာ၊ ယောက်ျားလျာမပါဆိုတဲ့ လူ့အခွင့်အ ရေး မဟုတ်ပါ။  မြန်မာတွေ သီးသန့် အခွင့်ထူးခံမယ့် ဒီမိုကရေစီမဟုတ်ပါ။  လူမှာ မတူကွဲပြားတဲ့ နောက်ခံပုံစံတွေရှိလို့ အယုတ်၊ အလတ်၊ အမြတ် မကွဲပါ။  လူ့ကိုယ်ကျင့်တရား၊ လူ့သိက္ခာရှိဖို့ပဲ လိုပါတယ်။

ဒီ အခြေခံ သဘောကို လက်မခံရင် ဒီမိုကရေစီမဟုတ်ပါ။

ဒီလိုမဟုတ်ရင် ကျားကြီး ဗဟိုပြု ကို အားပေးတဲ့၊ အထက်-အောက် ဖိနှိပ်မှု ပြင်းထန်တဲ့၊ ရာထူး အဆင့်အတန်း အလွန်အမင်း ခွဲခြားတတ်တဲ့၊ ဘုရားထူး လက်အုပ်ချီ၊ ဖိနပ်တိုက် ဖိနပ်ကိုင် အင်မတန်ခုံမင် လိုချင် ကျင့်သုံးတတ်တဲ့၊ တစ်လူမျိုး တစ် ဘာသာကိုသာ ဇောင်းပြုတတ်တဲ့၊ ပြည်သူက ဘတ်စ်ကားစီး၊ သမ္မတကကားစီး အရှက်မရှိ ပြောထွက်ဝံ့တဲ့၊ လစာ ဆယ်သိန်း နည်းတယ်ပြောပြီး အလုပ်သမလေးတွေ သုံးသောင်းတောင်းလို့ နံပါတ်တုတ်ကျွေးတတ်တဲ့ စစ်အာဏာရှင် အတွေးအခေါ်၊ စိတ်ဓာတ်တွေပဲ ဖြစ်နေပါမယ်။

ဒီမိုကရေစီဆိုတဲ့မြင်းကို စီးချင်ရင် အထီး၊ အမ ခရေစေ့တွင်းကျ အခြေခံအနှစ်သဘောကို နားလည်အောင် ကြိုးစား ကျင့် သုံးကြပါ။

ဒါကြောင့် ဖိနှိပ်သူ၊ အကျင့်ပျက်သူ၊ ခြစားသူ၊ အဓမ္မ အုပ်စိုးသူတွေကို သရော်၊ ဆော် အနုပညာ ပုံစံမျိုးစုံနဲ့ တော်လှန်ကြပါ။

ဆရာဝင်းတင်လို တနေ့ကို သုံးခါ ‘အဟမ်း.. အဟမ်း.. ထွီ..’ လုပ်ပါ။

အာဏာရှင် တပူရိုင်းတွေ
ဟားဟားသံ ဝိုင်းဝိုင်းပတ်တော့
အရူးမီးဝိုင်း ဇာတ်ခင်းကြ
ငိုချင်း ချ လိုက်ချ ဘီလူးကြိမ်း ကြိမ်းလိုကြိမ်း
ဟိန်းလိုက် ဟောက်လိုက်
ကြိမ်းလိုက် ငေါက်လိုက်
ကြောက်မယ် ထင်သလား
ဟားဟား.. ဟားဟား..
ဟား.. ဟား.. ဟား..

ဆိုပြီး တိုင်းပြည်အနှံ့ တကိုယ်ရေ တနိုင် ဟားတိုက်ပွဲတွေ ဆင်နွှဲကြပါ။

ဒါပေမဲ့ ဒီမိုကရေစီ စံနှုန်း၊ လူသားကျင့်ဝတ်နဲ့ အညီတော့ ဖြစ်ပါစေ။  နည်းနည်းလေးမျှ အစွန်းအထင်း အပေ အညစ်မခံ သီလ စင်ကြယ်သလို ဒီမိုကရေစီအကျင့် သိက္ခာကို ခါးဝတ်အထည်ကဲ့သို့လည်း ခိုင်မြဲ နိုင်ကြပါစေ။

ငြိမ်းချမ်းအေး
ဖေဖော်ဝါရီ ၂၈၊ ၂၀၁၅
(ဝေဖန်ရန် - nyeinchanaye81@gmail.com)


ခေါင်းစီးဓာတ်ပုံ - Credit Ko Kyaw Phyo Wai

×××××××××

ဆက်စပ်ဆောင်းပါးများ

ဒီမိုကရေစီကို ဝမ်းယောင်စေသူများ
@  http://gita.cc/archives/42310
http://www.moemaka.blogspot.com.au/2015/02/blog-post_77.html

ဒီမိုကရေစီကို ဈေးဖျက်ကြသူများ
@http://moemaka.com/archives/41156
http://www.moemaka.blogspot.com.au/2014/12/blog-post_61.html

ဒီမိုကရေစီကို အိုးမည်းသုတ်သူများ
@ http://gita.cc/archives/42100
http://www.moemaka.blogspot.com.au/2015/01/blog-post_611.html