ငြိမ်းချမ်းအေး - တိုင်းပြည်ကို ချစ်တတ်ကြပါစေ



ငြိမ်းချမ်းအေး - တိုင်းပြည်ကို ချစ်တတ်ကြပါစေ
(သည်လေဒီးစ်နယူးစ် / မိုးမခ) - ဖေဖော်ဝါရီ ၂၃၊ ၂၀၁၅

တိုင်းပြည်မှာ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်နေပြီ ဆိုတာတော့ မယုံမရှိကြပါနဲ့ ခင်ဗျာ။  ဝေးဝေးမကြည့်ပါနဲ့၊ အခု ကျောင်းသားတွေရဲ့ ဒီမိုကရေစီ ပညာရေးနဲ့ လွတ်လပ်ခွင့် သပိတ်ကို ကြည့်ပါ။  အစိုးရနဲ့လွှတ်တော်ရဲ့ ပညာရေးဥပဒေကြမ်း ပြင်ဆင်မှု ကတိတည်မှု ဘယ်မလဲ မသိခင် သပိတ်ရပ်ဖို့ချည်းပဲ ဝိုင်းပြောခဲ့ကြတယ်။  ပြောသူကလည်း အရင်ခေတ်တွေလို အစိုးရ တစ်သံတည်း မဟုတ်တော့ပါ။  အတိုက်အခံ နိုင်ငံရေးပါတီ၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ၊ ပုဂ္ဂလိက စာနယ်ဇင်း အများစုနဲ့ ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီးပါ မကျန်အောင်ပါပဲ။

အောက်ခြေလူထု ခံစားရမှု အနာ၊ ဘဝပေးအသိ နိုင်ငံရေးရေချိန်နဲ့ အပြန်တစ်ရာလောက် မနီးစပ် နေနိုင်စွမ်းသူ လူတွင်ကျယ် လူ့မလိုင် ရေပေါ်ဆီ အထက်တန်းလွှာနဲ့ ပညာတတ် လူလတ်တန်းစားဆိုသူ နိုင်ငံရေး မကျက်တကျက် မလည်ရှုပ်များကလည်း အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ကျောင်းသားတွေကို နိုင်ငံရေး အသုံးချခံမဖြစ်ပါစေနဲ့၊ ကွန်မြူနစ်တွေ သွေးထိုးနေပါပြီ စသဖြင့် ဟိုအရင် စစ်အစိုးရ ရုပ်သံက လေသံအတိုင်း မပြတ်အော်ပေးခဲ့ကြသေးခင်ဗျာ။  လမ်းပေါ်က အခြေခံလူထုရဲ့ ဖရဲသီးစိတ်လို ချိုမြိန်လှတဲ့ စေတနာ သဒ္ဓါ ကိုမှ မထောက်၊  သပိတ်မှောက်ကျောင်းသားတွေ အစိုးရရဲ့ အငှားပါးစပ်တွေဒဏ် ခံခဲ့ကြရပါတယ်။

ဒါ့အပြင် ကိုးကန့် လောက်ကိုက်စစ်ပွဲကိုလည်း ကြည့်ပါဦး။  ရာစုဝက်ကျော် ဘာသာစုံ၊ လူမျိုးစုံ လူထုကို လမ်းပေါ်မှာ၊ တောထဲမှာ ပစ်ခတ် သတ်ဖြတ် အနိုင်ကျင့်ချင်တိုင်း ကျင့်ခဲ့သူ၊ တိုင်းပြည် ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး မဏ္ဍိုင်သုံးရပ်ကို အဓမ္မ ချုပ်ကိုင် ဖျက်ဆီးရင်း နိုင်ငံနဲ့အာဏာကို မောင်ပိုင်စီးခဲ့ပြီး ကိုယ်ကျိုးရှာကာ တိုင်းပြည်ကို ဆင်းရဲတွင်းနက်စေလောက်အောင် တော်ခဲ့သူ တပ်မတော်ကို ‘တရုတ်နဲ့ စစ်ဖြစ်သတဲ့ဟေ့’ လို့ စစ်လော်ဘီများ သွေးထိုးပေးလိုက်တာ တစ်ခုတည်းနဲ့တင် ပြုတ်မနူးများပေါရာ အွန်လိုင်းလောကမှာ ကျေးဇူးရှင် တပ်မတော်ကြီးဖြစ်သွားတာ ရဲပဒေါင်းကိုခတ်လို့ပါကောလား ခင်ဗျာ။

ဒီလိုနဲ့ ခပ်လွယ်လွယ် ခပ်တိမ်တိမ်ပဲ တွေးသူ လူအများ ဖုန်ကြားရှင်လည်း တရုတ် သြဇာခံ၊ စစ်အစိုးရ အဆက်ဆက်လည်း ပေါက်ဖော်ပြည်ကြီး သြဇာခံ၊ သူတို့ ပုလင်းတူဘူးဆို့ လုပ်ခဲ့တယ်၊ ကွဲခဲ့တယ်၊ တိုက်တယ် ဆိုတာတွေ မမြင်နိုင်ကြတော့ပါဘူး။  မျိုးချစ်စိတ်တွေ ထက်သန်ကုန်ကြပုံများ၊ စစ်ပွဲဟာ မှန်တယ်၊ တရားသောစစ်တွေ ဖြစ်ကုန်ကြပါပကော ခင်ဗျာ။  အမှန်မြင်ရမှာက နိုင်ငံခြားလွှမ်းမိုးခံပါတယ် ဆိုဦး စစ်ပွဲ ဟာ ဖြေရှင်းနည်း မမှန်ဘူး ဆိုတာပါ။  ကိုးကန့်လူမျိုးစုများ ကိုယ့်သြဇာခံစေချင်ရင် ဘိန်းဘုရင် ခေါင်းဆောင်တွေကို တရားဝင် ဘိန်းလုပ်ခွင့်ပေး ကိုယ့်ဘက်ပါစေရုံနဲ့မရ၊ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်ကြောင်းကို လူအများ တွေးတောနိုင်ရပါမယ်။  လူမျိုးစုဒေသတွေမှာ သက်ဆိုင်ရာ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့၊ ကိုးကွယ်ရာ၊ ဘာသာ သီးသန့်ရပ်တည်ခွင့်ပေး၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ပေး၊ အာဏာ၊ အရင်းအမြစ် တရားသဖြင့် ခွဲဝေပေးပြီး ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ ပြည်ထောင်စုတည်ဆောက်ဖို့လိုကြောင်း သိရပါမယ်။  ဒါဟာ ပြည်တွင်းစစ်ပါ၊ အချင်းချင်းချ နေရတာပါ။  မြေစာပင်က ဒေသခံ အရပ်သား လူမျိုးစုတွေနဲ့ တကယ်တိုက်ရ၊ သေရတဲ့ နှစ်ဖက်စစ်သားတွေပေါ့။  အခုတော့ အောက်ခြေ စစ်တပ်က အသုံးချခံ သက်သက်ရယ် ဖြစ်နေတယ် ဆိုတာကို မမြင်နိုင် စစ်မှစစ် တက်ကြွနေကြတယ်။

ဒါနဲ့ပဲ တိုင်းပြည်မှာ ရေရှည် စစ်ဝါဒလွှမ်းမိုးစေဖို့ စနစ်တကျ စီမံ ရေးဆွဲထားတဲ့ (၂၀၀၈) နာဂစ်စစ်ဖွဲ့စည်းပုံကို ပြင်ရေးတောင် သတိမရကြတော့သလို ဖြစ်နေတယ်။  ဒီဖွဲ့စည်းပုံက ချမှတ်လိုက်တဲ့ အာဏာ၊ အရင်းအမြစ်၊ အုပ်ချုပ်မှု ခွဲဝေမှု မညီမမျှ ဖြစ်နေတဲ့ ပုံနဲ့ ကိုးကန့်ရယ်မှ မဟုတ် အခြား လူမျိုးစုများနဲ့လည်း စစ်ပွဲတွေက တိုက်လိုက်၊ နားလိုက်၊ ပြန်တိုက်လိုက် ဖြစ်နေဦးမှာပါပဲ။  ဒီ ဖွဲ့စည်းပုံကို အခြေခံတဲ့ စနစ်မပျောက်သရွေ့၊ ဒီလူ ဒီမူတွေ ကြီးစိုးသရွေ့ တိုင်းပြည်ဟာ နိုင်ငံရေး မတည်ငြိမ်၊ ပြည်တွင်းစစ်ဒဏ်ပိရင်း လူမှု၊ စီးပွားလည်း ဆုတ်ယုတ် ဓားမနောက်ပိတ်ခွေး ဘဝကတက်မှာ မဟုတ်ပါ။  အကျိုးဆက် နိုင်ငံတကာ အလယ်မှာ၊ အိမ်နီးချင်း နိုင်ငံတွေ ကြားမှာ လူမလေး ခွေးမခန့် ဖြစ်နေဦးမယ် ဆိုတာကိုထည့် အရှည်မျှော် တွေးစေချင်ပါတယ် ခင်ဗျာ။

အကြောင်းက နိုင်ငံတနိုင်ငံမှာ ရှိတဲ့ အဓိက ပြဿနာ အားလုံးရဲ့ ရေသောက်မြစ်ဟာ ကျင့်သုံးတဲ့ တိုင်းပြည်အုပ်ချုပ်ရေး၊ နိုင်ငံရေး စနစ် အပေါ်မှာ မူတည်နေလို့ပါ။  နိုင်ငံရေးစနစ်မှာ အားလုံးသိတဲ့အတိုင်း စစ်အာဏာရှင်စနစ်ဟာ ရာစုဝက်ကျော် ရှင်သန်ခဲ့ပြီးပါပြီ။  ဒီစနစ်ဆိုးရဲ့ ဓလေ့၊ အတွေးအခေါ် ယဉ်ကျေးမှုနဲ့ လက္ခဏာ တွေဟာ ပါလီမန်ဒီမိုကရေစီခေတ်လို့ (ပါးစပ်အသနခံ) ခေါ်နိုင်နေပြီဖြစ်တဲ့ မျက်မှောက်တိုင် နေရာတိုင်းမှာ ရှင်သန်ထင်ကျန်နေဆဲ ဆိုတာ သိမြင် ပြင်နိုင်ရပါမယ်။
သမိုင်းကို ပြန်လှန်ရရင် စစ်အာဏာရှင်စနစ် တိုင်းပြည်မှာ အမြစ်တွယ်ခဲ့ခြင်းဟာ လွတ်လပ်ရေးခေတ်ဦး ဒီမိုကရေစီ အစိုးရ (၁၀) နှစ်တာ ကာလမှာ ဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေး အကွဲအပြဲ၊ လူမျိုးစုအကွဲအပြဲနဲ့ ခေါင်းဆောင်တွေ အတ္တ၊ မာန ကြီးမှု များကြောင့်လို့ ခပ်လွယ်လွယ် သုံးသပ်လို့ မရပါဘူး။  ပဒေသရာဇ်ခေတ်က စလို့ အစဉ်အဆက် နိုင်ငံရေး ဓလေ့မှာကို စစ်ဝါဒသာ အမြဲလွှမ်းမိုးခဲ့တာကိုပါ ထည့်တွက်ရပါမယ်။  ဒါကို တိုင်းပြည်တည်ထောင်ခြင်း၊ ပထမ၊ ဒုတိယ၊ တတိယ နိုင်ငံတော် ဆိုပြီး ပုံဖော်ကြတဲ့ မြန်မာလူမျိုးဗဟိုပြု သမိုင်းအမြင် တင်ဆက်ပုံတွေက စစ်ဝါဒ၊ စစ်တိုက်ပြီး နိုင်ငံတည်ဆောက်တဲ့ ဓလေ့ကို ကြီးထွားလာစေခဲ့ပါတယ်။

ပြည်ထောင်စုအတွင်းရှိ လူမျိုးစုများဟာ ပဒေသရာဇ် စစ်ဘုရင်ခေတ် လက်နက်နဲ့သာ ဖြေရှင်းခဲ့တဲ့ အင်အားကြီးသူ နိုင်စတမ်း ပြုခဲ့တဲ့ သမိုင်းကြောင့် အချင်းချင်း အမုန်း၊ အာဃာတ၊ အမြင်မကြည်လင်မှုတွေ အပြည့်ဖြစ်နေတာကြောင့် စည်းလုံးမှု အလွယ်ပြိုကွဲနိုင်တဲ့ နောက်ခံ အခြေအနေကို ဖြစ်စေပါတယ်။  ဒါ့အပြင် ရာစုနှစ်များစွာ စွဲကပ်နေတဲ့ နိုင်ငံခြားလွှမ်းမိုးမှု အပေါ် ထားရှိတဲ့ အကြောက် သံသယနဲ့ အမျိုးသားရေးစိတ် ပြင်းထန်မှု၊ စစ်သူရဲကောင်း ဝါဒ ကိုးကွယ်မှု၊ ပုဂ္ဂိုလ်စွဲ၊ လူစွဲ၊ အယူအဆ ဝါဒစွဲ ပြင်းထန်မှု၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ မဖွံ့ဖြိုးခဲ့မှု၊ ပညာ အခြေခံတဲ့ လူ့အဖွဲ့အစည်းတရပ် ဖော်ဆောင်နိုင်ဖို့ အခွင့်အရေး မရရှိခဲ့ခြင်း စတဲ့ အကြောင်းများကလည်း တိုင်းပြည်မှာ ဒီမိုကရေစီ ဆိတ်သုဉ်းရမှုကို အားကူပေးခဲ့ပါတယ်။

ဒီလိုနဲ့ အယူဝါဒရေးရာ စစ်ပွဲတွေသာမက တိုင်းရင်းသားရေးရာ တော်လှန်ရေးတွေပါ ပေါ်လာပြီး တိုင်းပြည်ဟာ အချုပ်အခြာ အာဏာတည်စမှာပဲ ပြည်တွင်းစစ်နွံထဲ နစ်ခဲ့ရပါတယ်။  လက်နက်ကိုင်လမ်းစဉ်ကို မရွေးချယ်ဘဲ နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ ကြိုးစားတဲ့ တိုင်းရင်းသား လူမျိုးစုများရဲ့ လုပ်ဆောင်ချက်များဟာလည်း မြန်မာ အများစု ကြီးစိုးတဲ့ အစိုးရရဲ့ နိုင်ငံရေး သဘောထား မမှန်ကန်မှု၊ အုပ်ချုပ်ရေး အာဏာခွဲဝေမှု မညီမျှမှု၊ တိုင်းပြည်ရဲ့ အရင်းအမြစ်တွေကို မျှတစွာ ခွဲဝေနိုင်ခြင်းမရှိမှု၊ အခြေခံဥပဒေ မှာကိုက တစ်ပြည်ထောင်စနစ် သဘောသက်ရောက်နေမှု တို့ကြောင့် အရာမထင်ခဲ့ဘဲ ပြည်တွင်းစစ်ဟာ ဆက်လက် သက်ဆိုးရှည်ခဲ့ရတယ်။  အကျိုးဆက်ကတော့ တိုင်းပြည်မှာ ပြည်တွင်းစစ်ကို ဦးဆောင်တိုက်နေရတဲ့ စစ်တပ်ရဲ့ အခန်းကဏ္ဍဟာ ကြာလေ ပိုကြီးမားလာလေ ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် လွတ်လပ်ရေး ခေတ်ဦးမှာပဲ ပေါ်ပေါက်ခဲ့တဲ့ နိုင်ငံခြားကျူးကျော်ခံရမှု တရုတ်ဖြူအရေးဟာလည်း စစ်တပ်ရဲ့ အရေးပါမှုကို တိုးပွားဖို့ ဖြစ်စေခဲ့ပါတယ်။ တရုတ်ဖြူ ခုခံကာကွယ်စစ် အကြောင်းပြချက်၊ စစ်ပွဲရန်ပုံငွေခေါင်းစဉ်အောက်မှာ စစ်တပ်ဟာ တိုင်းပြည်ရဲ့ စီးပွားရေး လုပ်ငန်းတွေကို စတင်ချုပ်ကိုင်ခွင့်ရခဲ့ပါတယ်။  ဒီနေ့ခေတ် ဦးပိုင်လို DSI, BEDC စတဲ့ စစ်တပ်ပိုင် စီးပွားလုပ်ငန်းစုကြီး တွေ အခြေတည်လာခဲ့တယ်။  ဥပမာ - ဘီအီးလို့ နာမည်ကြီးတဲ့ စစ်တပ်စီးပွား BEDC ထုတ် အရက်ဖြူ လုပ်ငန်းမျိုး။  ဒီလို စစ်တပ်စီးပွားအစုစုဟာ စစ်စရိတ်ဆိုပြီး အခွန်မဆောင်ရပါဘူး။  ပြည်တွင်းစစ် နယ်မြေ မငြိမ်းချမ်းမှုကြောင့်လည်း စစ်တပ်ဟာ အုပ်ချုပ်ရေး မှာလည်း နေရရခဲ့တယ်။  ဥပမာ - ရှမ်းပြည် ဆိုရင် ဖဆပလခေတ်မှာ စစ်အုပ်ချုပ်ရေးအောက် နေရချိန်က အများစု ဖြစ်ခဲ့ပါတယ်။  နုနယ်တဲ့ လွတ်လပ်စ ဒီမိုကရေစီ နိုင်ငံမှာ စစ်တပ်နဲ့ သူ့ရဲ့ အကျိုးစီးပွား၊ အာဏာတွေဟာ ကျယ်ပြန့်လာခဲ့ပါတယ်။  ဒီလိုနဲ့  စစ်ခေါင်းဆောင်တွေဟာ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး၊ စီးပွားရေး ကဏ္ဍတွေမှာ လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားနိုင်မှုရဲ့ သြဇာ၊ အာဏာကို အရသာ စတင်သိလာခဲ့ပြီး မကြာခင်မှာပဲ ဖက်ဒရယ်ကို အပြစ်ပုံချ နိုင်ငံပြိုကွယ်မယ့် အန္တရာယ် ကာကွယ်နိုင်ဖို့ဆိုတဲ့ ဝါဒဖြန့်မှုနဲ့အတူ စစ်တပ်ကြီးစိုးရေးဝါဒ၊ စစ်အာဏာရှင် စနစ်ကို တိုင်းပြည်မှာ ဖော်ဆောင်ခွင့်ရသွားခဲ့ပါတယ်။

စတင်ချိန်မှာ (အခု ဒီမိုကရေစီကို အမည်ခံ အသုံးချသလိုမျိုး) ဆိုရှယ်လစ်ဝါဒကို အပေါ်ယံဟန်ပြရွေးချယ်ခဲ့ပြီး အတွင်းသဘောမှာတော့ တိုင်းပြည်မှာ စစ်တပ်ဦးဆောင်မှု အခန်းကဏ္ဍ အစဉ်အမြဲ တည်မြဲစေဖို့အတွက် ပညာရေး၊ စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ စတဲ့ လူထုဆက်သွယ်ရေး ကြားခံ အမျိုးမျိုးကနေ ကြိုးစားမှိုင်းတိုက်ခဲ့ပါတယ်။  စစ်တပ်ရဲ့ အရေးပါမှု မလျော့ပါးစေဖို့ရာ လူမျိုးစု ပဋိပက္ခ ပြဿနာကိုလည်း ဖြောင့်မတ်၊ မှန်ကန်တဲ့ နိုင်ငံရေး သဘောနဲ့ ဖြေရှင်းဖို့ မကြိုးစားဘဲ၊ သဘောထား တင်းချီ တစ်ခါ၊ လျှော့ချီ တစ်လှည့် နိုင်ငံရေး ၊ စစ်ရေးကစား ကြိုးရှည်ရှည်လှမ်းထားခဲ့ကာ ပြည်တွင်းစစ် ကို မွေးထားခဲ့တာ အခု ကိုးကန့် ဒုတိယစစ်အထိ ဆိုပါတော့။

ဒီလို ဒီမိုကရေစီစနစ် ဆိတ်သုန်းပျောက်ကွယ်မှုနဲ့အတူ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် (စစ်အာဏာရှင်များ) နဲ့ အဖွဲ့အစည်း တစ်ခု (အာဏာရှင် အသုံးချခံ လက်ကိုင်တုတ် စစ်တပ်) ကသာ တိုင်းပြည်ရဲ့ အခန်းကဏ္ဍတိုင်းမှာ အတိုင်းအဆမရှိ  အာဏာရ အလုံးစုံ ချုပ်ကိုင် ခြယ်လှယ်ထားနိုင်မှုရဲ့ ဆိုးကျိုးအနေနဲ့ အလားအလာကောင်းတွေများစွာ ရှိခဲ့တဲ့ တိုင်းပြည်ဟာ ဘက်ပေါင်းစုံက ချွတ်ခြုံကျ၊ အလုံးစုံ ပျက်စီးနေတဲ့ ကျရှုံးနိုင်ငံဖြစ်လာခဲ့ရပါတယ်။  ဒီလို အနေအထားနဲ့ တိုင်းပြည်မှာ အရပ်ဖက် လူ့အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာ မရှိသလောက် ဖြစ်ခဲ့ရပြီး လူထုပညာပေးနဲ့ ဖွံ့ဖြိုးရေးဟာ အုပ်ချုပ်သူ အစိုးရ သဘောနဲ့ ဆန္ဒမှာသာ လုံးလုံး မူတည်နေတဲ့အတွက် အုပ်စိုးသူ ဖော်ဆောင်စေချင်တဲ့ ပုံစံ၊ စနစ် နဲ့ အတွေးအခေါ်သာ လူထုကြား အဓိက ရှင်သန်လာခဲ့ရပါတယ်။

ဒါ့အပြင် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကစလို့ နိုင်ငံ့အရေးမှာ ရှေ့တန်းက ဦးဆောင်ပါဝင်ခဲ့ကြတဲ့ လူငယ်ကျောင်းသား လူတန်းစားကိုလည်း အုပ်ချုပ်သူ စစ်အစိုးရများဟာ အာဏာကို ခြိမ်းခြောက်လာနိုင်တဲ့ ပုန်ကန်သူ အစုအဖွဲ့ အဖြစ် မြင်ကာ ရန်သူသဖွယ်ဆက်ဆံ၊ အမျိုးမျိုး ဖိနှိပ် သင်းကွပ်ခြင်းသာ စနစ်တကျ ပြုလုပ်ခဲ့တဲ့ အတွက် တိုင်းပြည်မှာ အတွေးအခေါ် လွတ်လပ် ကျယ်ပြန့်၊ အသိဉာဏ် မြင့်မား ရင့်သန်တဲ့ ပညာအခြေပြု လူ့အဖွဲ့အစည်း ဖော်ဆောင်နိုင်မှု အားနည်းခဲ့ရပါတယ်။  ဒီမိုကရေစီစနစ်မှာ တည်ရှိတဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ စာနယ်ဇင်း၊ လူမှုအဖွဲ့အစည်း၊ ပညာရပ်ဆိုင်ရာ အဖွဲ့အစည်း၊ ပြည်သူ စတဲ့ မဏ္ဍိုင်အသီးသီး လွတ်လပ်သီးခြား ရပ်တည် ဖော်ဆောင်ကာ အပြန်အလှန် အမှီတံကဲပြု ဟန်ချက်ညီ ထိန်းညှိ၊ အကျိုးစီးပွားဖြစ်ထွန်းမှုမျိုးလည်း နှစ်ပေါင်းများစွာ မဲ့လာခဲ့တဲ့အတွက် ကဏ္ဍအသီးသီးက အစုအဖွဲ့ အသီးသီးရဲ့ အရည်အချင်း၊ လုပ်ရည်ကိုင်ရည်နဲ့ အတွေးအခေါ်ဟာ အကန့်အသတ်အများကြီးနဲ့ တည်ရှိနေခဲ့ပါတယ်။

ဒီလိုအခြအနေကနေ အစိုးမရတဲ့ အစိုးရ၊ တာဝန်မကျေတဲ့ အုပ်ချုပ်သူ၊ စနစ်မကျတဲ့ အုပ်ချုပ်ရေး၊ မတရားတဲ့ တရား ဥပဒေ၊ ယိမ်းယိုင် ပျက်စီ ခြစားနေတဲ့ တရားစီရင်ရေး စနစ်၊ ခိုင်မာတဲ့ မူမရှိတဲ့ နိုင်ငံရေး အဖွဲ့အစည်း၊ တာဝန်မယူ အရည်အချင်းမပြည့်တဲ့ သတင်းမီဒီယာ၊ အားနည်းတဲ့ လူမှုအဖွဲ့အစည်း၊ အဆင့်အတန်းမမီ၊ မလွတ်လပ်၊ ဘောင်ကျဉ်းတဲ့ ပညာရေးစနစ်၊ အတွေးအခေါ်၊ အယူအဆ မှောင့်မှား၊ အတွေးအခေါ် မရင့်ကျက်၊ တာဝန်မသိ၊ ကျင့်ဝတ်မဲ့၊ အခွင့်အရေးနားမလည်၊ စစ်သွေး စစ်မာန် ပြင်းထန်၊ တလွဲဆံပင်ကောင်း အစွန်းရောက် မျိုးချစ်စိတ်အခံ အပြည့်နဲ့ ပြည်သူတွေကို မျိုးဆက် နှစ်ဆက်စာမက မွေးထုတ်ပေးလိုက်ပါတော့တယ်။

ဒီဖြစ်စဉ်ရဲ့ရလဒ်အကျိုးဆက်ကတော့ ဆောင်းပါးအစမှာ ဆိုခဲ့တဲ့ ဒီမိုကရေစီစနစ်ရဲ့ အခြေခံ လူ့အခွင့်အရေး လွတ်လပ်ငြိမ်းချမ်းစွာ လမ်းမပေါ်ထွက် လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ခွင့်ဆိုတာကိုတောင် အမြင်မကြည်လင်နိုင်တော့တဲ့ အာဏာရှင် မှိုင်းမိ အပြောင်းအလဲနဲ့ လောက်ကိုင်စစ်ကို လူသာမန်များ တုံ့ပြန်ကြပုံ စစ်ဝါဒမှိုင်းမိ အပြောင်းအလဲများပါပဲ။  ဒါမျိုး အပြောင်းအလဲဟာ အကောင်းအပြောင်းအလဲ မဟုတ်၊ မကြိုဆိုအပ်ပါ။  တိုင်းပြည်မှာ အသွင်ပြောင်း အာဏာရှင်စနစ်နဲ့ စစ်ဝါဒ ရေရှည် ကြီးစိုးတည်တံ့ဦးမယ့် သဘောလက္ခဏာကို ပြနေပါတယ်။  လူအများ၊ အထူးသဖြင့် လူငယ်များရဲ့ ဒီမိုကရေစီတရားကို လက်တွေ့ လက်ခံ မြော်မြင် နားလည် တတ်မှု၊ စစ်ဝါဒ၊ အစွန်းရောက် မျိုးချစ်စိတ်၊ နိုင်ငံခြားသားအမုန်း၊ သမိုင်းနဲ့နိုင်ငံရေးကို အမှန်အတိုင်း သုံးသပ်နိုင်မှု ပကတိအခြေအနေ ရေချိန်တွေကို ဆိုခဲ့တဲ့ ဖြစ်စဉ်နှစ်ခုက ပြနေပါတယ်။

ဆိုတော့ကာ အခု ကိုးကန့် တရုတ်နဲ့ စစ်ဖြစ်လို့ ကြွတက်နေသူများ တကယ် တိုင်းချစ် ပြည်ချစ် စိတ်ရှိ၊ နိုင်ငံနဲ့ လူမျိုး ဂုဏ်သရေ တကယ် တင့်တယ်စေချင်ရင် စစ်အခြေခံဥပဒေ၊ စစ်တစ်ပိုင်း အစိုးရ၊ မိုးကျရွှေကိုယ် စစ်တစ်မတ်သား လွှတ်တော်နဲ့ အပေါင်းအပါ သူကြွယ်လူတစုသာ ချမ်းသာစေတဲ့ အခု တိုင်းပြည်မှာ အသားကျ စတောင်ပြုနေပြီဖြစ်တဲ့ စစ်ခရိုနီ အရင်းရှင်စနစ်ကို တော်လှန်ကြပါ။  ပညာရေးအပါအဝင် တိုင်းပြည်ရဲ့ ကဏ္ဍတိုင်းမှာ ဒီမိုကရေစီအတွေးအခေါ်တွေ ရှင်သန်အမြစ်တွယ်အောင် ဝိုင်းဝန်းပါ။  တိုင်းပြည်မှာ စစ်ဝါဒ လွှမ်းမိုးနေတာကို ဆန့်ကျင်ကြပါ။  တိုင်းရင်းသား စည်းလုံးရေးကို စစ်ပွဲတစ်ဖက်၊ ဘိန်းပါမစ် တစ်ဖက် တည်ဆောက်နေခြင်းကို အပြစ်မြင်ကြပါ။  လက်နက်နဲ့ ပြဿနာတိုင်းကို ဖြေရှင်းလိုခြင်းကို ရှုတ်ချကြပါ။  ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်တည်ဆောက်ရာမှာ ကူညီကြပါ။  မဖြစ်မနေ အရင်ဆုံး အလုပ်သင့်ဆုံးကတော့ နှစ်ရှည်လများ စစ်ဝါဒ မှိုင်းတိုက်ခံထားရတဲ့ မိမိစိတ်အခံကို အရင်ပြင်နိုင်ဖို့ပါပဲ ခင်ဗျာ။

ဒါဟာ အထိရောက်ဆုံးနည်းနဲ့ နိုင်ငံနဲ့လူမျိုးကို ချစ်ခြင်းပါ။  အမှန်ကန်ဆုံးနည်းနဲ့ တိုင်းတပါးလွှမ်းမိုးမှုကို ဆန့်ကျင်ခြင်းပါ။  ဒါဟာ ဒီမိုကရေစီဝါဒနဲ့ တိုင်းပြည်ကို သုခချမ်းသာရစေခြင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် လူတိုင်း အလုပ်နိုင်ဆုံး အလုပ်အဖြစ် ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့် အာမခံတဲ့ ပညာရေးစနစ် အခြေတည်အောင် တောင်းဆိုခြင်းနဲ့ လာမယ့်ဆန္ဒခံယူပွဲမှာ (၂၀၀၈) စစ်ဖွဲ့စည်းပုံပြင်ရေးကို ထောက်ခံပေးကြဖြင့် တိုင်းပြည်ကိုအမှန်တကယ်ချစ်ကြောင်း မှတ်ကျောက်တင်ကြဖို့ တိုက်တွန်းရင်း ဆွေးနွေးမှုကို နိဂုံးချုပ်လိုက်ပါတယ် ခင်ဗျာ။

အားလုံး သမိုင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး လူမျိုးရေး အမှန်မြင်၊ အမြင်မှန်နိုင်ကြပါစေ။

ငြိမ်းချမ်းအေး
ဖေဖော်ဝါရီ ၁၉၊ ၂၀၁၅ (စာပြီးရက်စွဲ)

(သည်လေဒီးစ် သတင်းဂျာနယ်၊ အတွဲ (၂)၊ အမှတ်စဉ် (၅၃)၊ (၂၀၁၅) ခုနှစ် ဖေဖော်ဝါရီ (၂၀) ရက်နေ့ သောကြာနေ့ထုတ်၌ မူလ ပုံနှိပ်ခဲ့သည်။  ယခု မိုးမခတွင် အွန်လိုင်း ထပ်မံ ဖြန့်ချိသည်။  ဆောင်းပါးပါ အာဘော် ကို ဝေဖန်ရန် လွတ်လပ်စွာ မှတ်ချက်ပြုနိုင်ပါသည်၊ nyeinchanaye81@gmail.com သို့လည်း စာရေးနိုင်ပါသည်။)

The Ladies News Facebook: