ငြိမ်းချမ်းအေး - စနစ်ဆိုးရဲ့ ချိုးကို ခွာပါ

ငြိမ်းချမ်းအေး - စနစ်ဆိုးရဲ့ ချိုးကို ခွာပါ
(သည်လေဒီးစ်နယူးစ် / မိုးမခ) မတ် ၀၂၊ ၂၀၁၅

မတ်လ (၂) ရက်နေ့ဟာ တိုင်းပြည် စစ်အာဏာရှင်စနစ်ဆိုးအောက် ရောက်ခဲ့ရခြင်း နှစ်ပတ်လည်ပါ။  စစ်အာဏာရှင်စနစ် မျိုးစေ့ချခြင်းကို ဆိုရှယ်လစ် အရေခြုံခဲ့သလို အာဏာသိမ်းရက်ကိုလည်း တောင်သူလယ်သမားနေ့အဖြစ် ပုံဖျက်ခဲ့တာ အခုဆိုရင် (၅၃) နှစ် ရှိပါပြီ။  တောင်သူလယ်သမား ဦးကြီးများ၊ လုပ်သား ပြည်သူ မိဘများ ပါးစပ်ကသာ အတွင်တွင် ခေါ် ဝါချတတ်ပြီး လက်တွေ့မှာတော့ လယ်သိမ်း၊ ယာသိမ်း၊ အိမ်ဖျက်၊ ကျောင်းဖြို  တတ်တဲ့၊ ထမင်းငတ်လို့၊ လွတ်လပ်မှု ငတ်လို့၊ ပညာငတ်လို့ ဆန္ဒပြတဲ့ ရဟန်း ရှင်လူ ကျောင်းသား လူထု ကို ကျည်ဆန်သာကျွေးတတ်တဲ့ ခေတ်စနစ် အစိုးရဆိုးတစ်ခု တိုင်းပြည်မှာ စတင် အမြစ်တွယ်ခဲ့တဲ့ ဝမ်းနည်းဖွယ် သမိုင်းဝင် နှစ်ပတ်လည်မို့ မျက်မှောက်မှာ သမိုင်းသင်ခန်းစာထုတ်နိုင်ရပါမယ်။

ဒုတိယကမ္ဘာစစ်အပြီးနဲ့ လွတ်လပ်စ ဒီမိုကရေစီပြည်သစ်မှာ စစ်ဝါဒ တွင်ကျယ်လာရပုံကို ပြီးခဲ့တဲ့ အပတ်က ဆောင်းပါး ‘တိုင်းပြည်ကို ချစ်တတ်ကြပါစေ’ မှာ ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။  အခုဆောင်းပါးမှာတော့ ဒီရာစုဝက်ကျော်ကြာ စစ်တပ်ကြီးစိုးမှုဝါဒ အောက်ကျဆင်းခဲ့ရခြင်းရဲ့ ဆိုးကျိုးဆက် ရိုက်ခတ်မှုများထဲက အရေးကြီးတဲ့ အချက် တချို့ကို ဆွေးနွေးချင်ပါတယ်။

● ကျရှုံးနိုင်ငံ
ကျရှုံးနိုင်ငံ (Failed State) တစ်ခုကို အဓိပ္ပာယ်ဖွင့်ရင် တိုင်းပြည်ကို တာဝန်ယူ စီမံခန့်ခွဲ၊ အုပ်ချုပ်ရတဲ့ အစိုးရတွေ ညံ့ဖျင်းမှု၊ ကိုယ်ကျိုးရှာမှုနဲ့ လူ၊ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၊ အုပ်စုတစ်စု၊ လူတန်းစားတစ်စုကသာ အစစ အရာရာ ချုပ်ကိုင် လွှမ်းမိုး အခွင့်ရေးယူ အကြွင်းမဲ့ အာဏာရယူနေနိုင်တာကို တွေ့ရပါမယ်။  အကျိုးဆက်အနေနဲ့ တိုင်းပြည်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တည်ငြိမ်မှုတွေ ပျက်ပြားနေမယ်။  ဆင်းရဲမွဲတေမှု အဆမတန် မြင့်မားနေမယ်။  ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးစနစ် အပါအဝင် လူထုဝန်ဆောင်မှု လုပ်ငန်းတွေ အားလုံး ယိုယွင်းပျက်စီးနေမယ်။  အကျင့်ပျက်မှု၊ ခြစားမှု၊ လာဘ်စားမှုတွေက လူတစ်ဦချင်း သဘောမဟုတ်ဘဲ စနစ်မှာ၊ လူ့အဖွဲ့အစည်းမှာ ပျော်ဝင် အသားကျနေတဲ့ ဓလေ့ ဖြစ်နေမယ်။  ရာဇဝတ်မှုတွေ များပြားနေမယ်။  လူမှု-စီးပွားရေးဒဏ်၊ စစ်ဘေးဒဏ်၊ လူမျိုး/ဘာသာရေး ဖိနှိပ်မှုတွေဒဏ်၊ အတင်းအဓမ္မ မြေသိမ်း၊ အိမ်သိမ်း၊ လယ်ယာသိမ်းမှု၊ အဓမ္မရွေ့ပြောင်းခိုင်းမှုတွေဒဏ် စတဲ့ တရားမဲ့မှုအစုစုကြောင့် လူအုပ်စု အမြောက်အမြား မိမိနေရပ်ဒေသကို စွန့်ခွာပြီး ဒုက္ခသည်အဖြစ် အများအပြား ခံယူနေရမယ်။  ဒါတွေဟာ နိုင်ငံ ပျက်စီးနေခြင်းကို ဖော်ပြနေတဲ့ ကျရှုံးနိုင်ငံတိုင်းမှာတွေ့ရလေ့ရှိတဲ့ တူညီတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ဆိုတဲ့ တိုင်းပြည်ရဲ့ မဏ္ဍိုင်ကြီး (၃) ရပ် ယိုယွင်း ခြစား ပျက်စီးနေခြင်းအပြင် စတုတ္ထမဏ္ဍိုင်လို့ ညွှန်းဆိုလေ့ကြတဲ့ စာနယ်ဇင်း၊ သတင်း၊ မီဒီယာ လုပ်ငန်းကပါ မလွတ်လပ်၊ အရည်အချင်း မပြည့်မီ၊ ကျင့်ဝတ်သီလပိုင်း အားနည်း ယိမ်းယိုင်နေတတ်ပါတယ်။  စာပေ၊ ဂီတ၊ ပန်းချီ၊ ရုပ်ရှင် အစရှိတဲ့ လူသားအတွက် စိတ္တအာဟာရ ရသပိုင်းဆိုင်ရာ ဖြည့်စွက်ပေးနိုင်တဲ့ အနုသုခုမ ပညာရပ်တွေလည်း မထွန်းကား၊ မစည်ပင်၊ လူထုကို တော်တည့်မှန်ကန် ပညာပေး လမ်းညွှန်ဦးဆောင်မှု မပြုနိုင်ကာ လူ့အဖွဲ့အစည်းရဲ့ ပျက်ယွင်းမှု အစုံစုံ ကို တွေ့နိုင်ပါတယ်။  နောက်ဆက်တွဲ အဖြစ် လူ့အသိုင်းအဝန်းရဲ့ စာရိတ္တ မဏ္ဍိုင်ပါ အကြီးအကျယ် ထိခိုက်၊ ပျက်စီး၊ ယုတ်လျော့လာစေသလို လူတွေရဲ့ ယေဘုယျ အတွေးအခေါ်၊ အမြင်၊ သဘောထားနဲ့ အပြုအမူတွေလည်း မှောက်မှား လမ်းလွဲနေတတ်ပါတယ်။

● အရာရာပြိုလဲခြင်း
ဆိုခဲ့တဲ့ လူမှု၊ စီးပွား၊ ကျန်းမာ၊ ပညာ၊ စာရိတ္တ အရာရာ ပြိုလဲ ပျက်စီး နေတဲ့ “ကျရှုံးနိုင်ငံ” အတွက် အကောင်းဆုံး ဥပမာ ကတော့ စစ်အာဏာရှင်စနစ် တိုင်းပြည်မှာ ဆယ်စုနှစ် (၅) စု ကျော် ကြီးစိုးခဲ့တဲ့ ကျနော်တို့ တိုင်းပြည်ပါပဲ။  စစ်အစိုးရ အဆက်ဆက်ဟာ အာဏာရှင်စစ်ဗိုလ်ချုပ်ကြီးများနဲ့ အပေါင်းအပါ လူတစ်စု အကျိုးစီးပွားအတွက် စစ်တပ်ကို လက်ကိုင်တုတ်အဖြစ် အသုံးချ၊ ပြည်သူကို ဓားစာခံပြုရင်း တိုင်းပြည်မှာ ဖော်ဆောင်ခဲ့တဲ့ အလုပ်တွေ၊ သွတ်သွင်းခဲ့တဲ့ ဝါဒတွေကြောင့် တိုင်းပြည်ဟာ အဘက်ဘက်က ချွတ်ခြုံကျခဲ့ရပါတယ်။

စစ်အာဏာရှင်များဟာ (၁၉၅၈)  ဖဆပလ နိုင်ငံရေးအကွဲအပြဲမှာ အာဏာကို စတင် မြည်းစမ်းခဲ့တယ်။  (၁၉၆၂) မှာ လူမျိုးရေးအကြောင်းပြ တိုင်းပြည်ကြီး ပြိုကွယ် ချောက်ထဲကျမှာ စိုးလို့ဆိုပြီး အာဏာကို အလုံးစုံသိမ်းပိုက်ခဲ့တယ်။  ဒီလိုနဲ့ စစ်စနစ်ဆိုးဟာ တိုင်းပြည်ကို ကိုယ်တိုင်ပဲ အဝီစိအထိ ဆွဲခေါ်သွားခဲ့ခြင်းက နှစ်ငါးဆယ်အတွင်း အရှေ့တောင်အာရှမှာ အလားအလာ အရှိဆုံး နိုင်ငံကနေ ကမ္ဘာ့အဆင်းရဲဆုံး ဖြစ်သွားခဲ့ရတဲ့ မြင်သာတဲ့ သမိုင်းက သက်သေပြုပြီး ဖြစ်ပါတယ်။

စတင်ချိန်မှာ အခုခေတ် ဒီမိုကရေစီကို အသုံးချနေသလို ဆိုရှယ်လစ်စနစ်ကို အမည်ခံ အသုံးချရင်း အလုပ်မဖြစ်ခဲ့တဲ့ စီးပွားရေးမူဝါဒ၊ အကျင့်ပြခြစားမှုတွေအပြည့်နဲ့ သူတို့အမျိုးတသိုက်သာ ဟန်သွားတဲ့ ပြည်သူပိုင်သိမ်းမှု၊ အမျိုးသားရေးအမြင်များနဲ့ ထင်တိုင်းကြဲ ဖျက်ဆီးခဲ့တဲ့ ပညာရေးစနစ် အစရှိတဲ့ မြန်မာ့နည်း မြန်မာ့ဟန် ပြောင်းလိုက်တဲ့ ခေတ်ပြောင်းတော်လှန်ရေးကြီးရဲ့ ကောင်းမှု ပျက်စီး ကျဆုံးခန်းအစုစုကို အားလုံးလည်း လက်ခံ သိမြင်ပြီး ယူဆပါတယ်။

(၁၉၈၈) နောက်ပိုင်း ဒုတိယအကြိမ် ချောက်ထဲကျမှာစိုးလို့ ဆိုပြီး စစ်အာဏာ ထပ်သိမ်းရာရာမှာလည်း ဒီမှားယွင်းမှုတွေကို မပြင်နိုင်တဲ့အပြင် ပိုသာဆိုးတဲ့ မူဝါဒနဲ့ ကိုယ်ကျိုးရှာမှုသာ ပြုခဲ့တဲ့အတွက် တိုင်းပြည်ဟာ ကဏ္ဍာစုံ နာလန်မထူနိုင်ခဲ့ပါ။  အခု ခေတ်ပြောင်းပြီ ဆိုတဲ့ ဒီမိုကရေစီ အမည်ခံ ကလိယုဂ်ခေတ်မှာလည်း အစိုးရသစ် သက်တမ်းသာ ကုန်လာခဲ့ပေမဲ့ အမှန်တကယ် သဘောထားတွေ မပြောင်းလဲနိုင်ဘဲ အကျင့်ဟောင်း၊ အလုပ်ဟောင်းတွေသာ ပြည့်နှက်နေဆဲဖြစ်ပါတယ်။  အကျိုးဆက် တိုင်းပြည်မှာ လူမှုရေး မတည်ငြိမ်၊ စီးပွားရေး မဖြစ်ထွန်း၊ ဆင်းရဲတွင်းနက်၊ ပညာရေးစနစ်ကောင်း အခြေမတည်နိုင်၊ ကျန်းမာရေး အဆင့်အတန်း နိမ့်ပါးကာ လူအများစုဟာ အထွေထွေ ကပ်ဆိုက်နေဆဲ ဖြစ်ပါတယ်။

● တိုင်းပြည်ရဲ့ ရုပ်ပုံလွှာ ကျဆင်းပျက်စီးခြင်း
စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးများဟာ သူတို့အကျိုးစီးပွား အလို့ငှာ တိုင်းပြည်ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ နာမ်ပိုင်းဆိုင်ရာ အခန်းကဏ္ဍအသီးသီးကို စနစ်တကျ ဖျက်ဆီးခဲ့ကြတဲ့ အထဲမှာ အယုတ်မာဆုံးနဲ့ အဆိုးရွားဆုံး ဖျက်ဆီးမှုကတော့ လူမှု၊ စီးပွား၊ ကျန်းမာ၊ ပညာ ကဏ္ဍာတွေ မဟုတ်ပါ။  လူတွေရဲ့ စိတ်ဓာတ်ကို ဖျက်ဆီးခဲ့မှုပဲ ဖြစ်ပါတယ်။

မြန်မာတွေဟာ ဗုဒ္ဓရဲ့တရားတော်ကို ရာစုနှစ်ပေါင်းများစွာ နာကြား၊ မှတ်ယူ လိုက်နာကျင့်သုံးခဲ့ကြတာကြောင့် မေတ္တာတရားကြီး၊ ခန္တီစတရားကြီး၊ ယဉ်ကျေးပျူငှာ၊ ခင်မင်နှစ်လိုဖွယ်အပြည့်နဲ့ အလိုလောဘနည်း ရောင့်ရဲတင်းတိမ် ငြိမ်းချမ်းအေးဆေး နေလိုတဲ့ လူမျိုးဖြစ်တယ်ဆိုပြီး ကမ္ဘာအလယ်မှာ အစဉ်အဆက် ထင်ရှား အသိအမှတ်ပြုခြင်းခံခဲ့ရပါတယ်။  ဒါဟာ တိုင်းပြည်နဲ့လူမျိုး အဖြစ် ကမ္ပည်းထိုးနိုင်တဲ့ လက္ခဏာနဲ့ ပုံရိပ်လည်း ဖြစ်ပါတယ်။  တိုင်းပြည်နဲ့ လူမျိုးဟာ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနည်းပေမဲ့ စိတ်ပိုင်းဆိုင်ရာအရ ဘယ်တုန်းကမှ အောက်တန်းမရောက်ခဲ့၊ မဆင်းရဲခဲ့ဘဲ ပြည့်ဝချမ်းသာရှိကြတယ် ရယ်လို့ ကမ္ဘာအလယ်မှာ မော်ကွန်းထိုး နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီသဘောဟာ စစ်ဝါဒ ရာစုဝက်ကျော် ကြီးစိုးမှုနဲ့အတူ ကပ်လျက် ခေါင်းစဉ်မှာ ဆွေးနွေးခဲ့သလို ‘အရာရာပြိုလဲခြင်း’ မှာ အကျုံးဝင်ကာ တိုင်းပြည်နဲ့လူမျိုးရဲ့ ကောင်းဂုဏ် စာရိတ္တ၊ စိတ္တပိုင်းဆိုင်ရာပါ လဲကျခဲ့ရတယ်။  ဒီလိုနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အကျင့်ပျက်မှု၊ အမုန်းတရား ကြီးထွားမှု၊ စစ်သွေး စစ်မာန်တွေ တက်ကြွ စစ်ပွဲ လိုလားမှု စတဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဗြဟ္မစိုရ်တရားတွေ ခေါင်းပါးမှုဒဏ်ကိုပါ ခံနေရပါတော့တယ်။

ဒီ ယုတ်လျော့မှုရဲ့ ရလဒ်ကတော့ ကမ္ဘာ့ အကျင့်ပျက်စြားမှု စာရင်းမှာ ထိပ်ဆုံးတန်းဝင်နေခြင်းက သက်သေပါပဲ။  ဘိန်းထွက်များမှု စာရင်းမှာ ကမ္ဘာ့ထိပ်တန်း ဖြစ်နေတာက မျက်မြင်ပါပဲ။  ရာဇဝတ်မှုတွေ ထူပြောနေခြင်းကလည်း ပြသနေပါတယ်။  အဆိုးဆုံးကတော့ စစ်အာဏာရှင်များ အာဏာ တည်မြဲရေးအတွက် နှစ်ငါးဆယ်ကျော် စနစ်တကျ ဖော်ဆောင်ခဲ့တဲ့ တစ်လူမျိုး၊ တစ်ဘာသာ ဗဟိုပြု အစွန်းရောက် အမျိုးသားရေး စိတ်ဓာတ်တွေ ပြင်းထန်မှု ဆိုးကျိုးဆက် တိုင်းပြည်မှာ တင်းကျမ်းပြည့်နေတဲ့ လူမျိုးစုရေးရာ၊ ပြဿနာ၊ စစ်ပွဲ၊ အမုန်းတွေပါပဲ။

● စတော့ဟုမ်း ရောဂါ သတိပြုပါ
စစ်အာဏာရှင်စနစ်ဆိုး ကြီးစိုးခဲ့မှုရလဒ်မှာ အရေးကြီးဆုံး နားလည်လက်ခံ အလေးထားရမှာကတော့ စနစ်ဆိုးဒဏ် ကျောကော့အောင် ခံရင်းနဲ့ပဲ ဒီစနစ်ဆိုးက အင်တိုက်အားတိုက် ဖော်ဆောင်ပေးခဲ့တဲ့ အယူအဆ၊ ဝါဒ၊ အတွေးအခေါ်၊ အပြုအမူနဲ့ အလုပ်တွေဟာ လူသာမန် လူအများကြားကို ထဲထဲဝင်ဝင် စိမ့်ဝင်ပျံ့နှံ့လေ့ရတယ်ဆိုတာကိုပါ။  ဖိနှိပ်မှုပြန်းထန်တဲ့ နိုင်ငံရေးစနစ်တွေ ကြီးစိုးတဲ့ နိုင်ငံတိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောဆိုတာကို အရင်ဆုံး သတိပြုရပါမယ်။

စိတ်ပညာရပ် မှာ ပြန်ပေးဆွဲခံရသူတွေဟာ သူတို့ကို ပြန်ပေးဆွဲသူတွေရဲ့ အတွေးအခေါ်၊ ခံစားချက် နဲ့ လုပ်ရပ်တွေကို နားယောင် လက်ခံလာပြီး ပြန်ပေးဆွဲသူတွေ အပေါ် ပြန်လည် ထောက်ခံ၊ ကာကွယ်မှု ပေးတတ်တဲ့ အဖြစ်အပျက်မျိုးကို စတော့ဟုမ်း ရောဂါ လက္ခဏာ (Stockholm Syndrome) လို့ အမည်ပေးပြီး စိတ်ရောဂါ အနေနဲ့ သတ်မှတ်လေ့ရှိပါတယ်။  အမေရိကန် အက်ဖ်ဘီအိုင်ရဲ့ လေ့လာချက် တစ်ခု အရဆိုရင် ပြန်ပေးဆွဲမှုတွေရဲ့ (၂၇) ရာခိုင်နှုန်းမှာ ပြန်ပေးဆွဲခံရသူ သားကောင်တွေဟာ ဒီလက္ခဏာ စွဲကပ်နေလေ့ ရှိတယ်လို့ ဆိုပါတယ်။

ဒီသဘောဟာ ပြင်းထန်တဲ့ ဖိနှိပ် ချုပ်ခြယ်၊ ဝါဒမှိုင်းတိုက်မှု ဒဏ်တွေကို မျက်စိပိတ်၊ နားပိတ်၊ ပါးစပ်ပိတ်နဲ့ နှစ်ပေါင်းများစွာ ခံခဲ့ရတဲ့ အာဏာရှင်စနစ်ဆိုး ကြီးစိုးခဲ့တဲ့ တိုင်းပြည်တွေက လူထုအများစု အတွက်လည်း အတူတူပါပဲ။  အဓမ္မအုပ်စိုးသူတွေက စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ၊ ပညာရေး စတဲ့ လူထုဆက်သွယ်ရေး၊ ပညာပေးရေး၊ ဝါဒဖြန့်ချိရေး ကြားခံ အစုံစုံကို အသုံးချပြီး အတင်းအဓမ္မ သွတ်သွင်းခဲ့တဲ့ အာဏာရှင် စရိုက် လက္ခဏာတွေဟာ လူအများအကြားမှာ ဝင်ရောက် ပူးကပ်နေလေ့ရှိပါတယ်။  အထူးသဖြင့် လူ့အခွင့်အရေး၊ ဒီမိုကရေစီယဉ်ကျေးမှု၊ လူမျိုး/ဘာသာရေး ဆက်စပ် သဘောတရားများမှာ ပိုလို့ တွေ့ရလေ့ရှိပါတယ်။

ဥပမာများ - ရာစုနှစ်တစ်ဝက်ကျော် တိုင်းပြည်မှာ ဖော်ထုတ် တင်ပြ တောင်းဆို ဆွေးနွေးခွင့်မရခဲ့တဲ့ လူအခွင့်အရေး ဆက်စပ် ခံယူချက်မျိုးတွေဖြစ်တဲ့ လူမှန်သမျှ အယုတ်၊ အလတ်၊ အမြတ်၊ ဘာသာ၊ လူမျိုး၊ အသားအရောင် မခွဲ တူညီတဲ့ အခွင့်အရေး၊ ရပိုင်ခွင့်နဲ့ တန်ဖိုးထားမှု သဘော ကို အပြည့်အဝ နားလည်မှု မရှိတာ၊ လက်ခံ နားလည်ဖို့ ကြိုးစားချင်စိတ် မရှိတာမျိုးတွေ၊ တိုင်းရင်းသား လူမျိုစုများ ပဋိပက္ခ ပြဿနာ ဆက်စပ်မျိုးတွေနဲ့ လူထုလှုပ်ရှားမှု၊ ရပိုင်ခွင့်၊ တာဝန် ဆက်စပ်မျိုးတွေလို့ ဆိုနိုင်ပါမယ်။

ဒါမျိုးတွေကို အခြေခံကျကျ နားလည်ပြီး ဒီစရိုက် လက္ခဏာတွေ ဘယ်လောက် ကိုယ့်မှာ စွဲကပ်နေပြီလဲ ဆိုတာ မညာမတာ ကိုယ့်ဘာသာ ဝေဖန် ဆန်းစစ် ရပါမယ်။  လူမျိုးချင်းမတူရုံနဲ့ ရန်ဖြစ်ချင်နေသလား။  အမျိုး၊ ဘာသာ၊ သာသနာဆိုတာနဲ့ အမုန်းပွားချင်၊ အရာရာ မတရား ထင်တိုင်း ပြုမူချင်နေပြီလား။  လူမျိုးခြား နိုင်ငံခြားသား မနှစ်မြို့မှု စိတ်အခံ ရှိနေသလား။  လူထုနိုင်ငံရေးလှုပ်ရှားမှုတွေကို အမြင်မကြည်မလင် ရှိနေပြီလား။  စည်းကမ်းသေဝပ် ခေါင်းစဉ်အောက်မှာ ငြိမ်ဝပ်ပိပြား ပြန်မပြောဝံ့၊ ခိုင်းတာလုပ်ကို လူ့အရည်အချင်းလို့ သတ်မှတ်နေပြီလား။  အစရှိသလို အာဏာရှင်အတွေးအခေါ်တွေ ကိုယ့်ဆီမှာ ရှိ/မရှိ ပြန်လည် သုံးသပ်၊ ရှိနေရင် စွန့်ပစ်နိုင်ရပါမယ်။  ဒီလို လူတစ်ဦးချင်းက စနစ်ဆိုးရဲ့ အကျင့်ဆိုး၊ စရိုက်ဆိုး၊ အလုပ်ဆိုး၊ ခံယူချက်ဆိုး၊ အပြုအမူဆိုး တွေကို ရှောင်ကြဉ်၊ စိတ်ဓာတ်တွေကို ပြင်နိုင်မှ တိုင်းပြည် ဖွံ့ဖြိုးတိုးတက် အမှန်တကယ် အေးချမ်းသာယာမှုပေးစွမ်းနိုင်တဲ့ ဒီမိုကရေစီလူ့ဘောင်သစ်ကို အနာဂတ်မှာ တည်ဆောက်နိုင်ပါမယ်။

● ပြောင်းလဲဖို့ကို မကြောက်ပါနဲ့
လူဟာ ပိုမိုကောင်းမွန်တဲ့ ခေတ်၊ စနစ်ကို လိုချင်ရင် အခြေအနေ၊ အချိန်အခါအလျောက် လိုအပ်တဲ့ လိုက်လျောညီထွေ ပြုပြင်ပြောင်းလဲမှုတွေ ပြုရပါတယ်။  ပြောင်းလဲဖို့ တွေးတောကြံဆနိုင်စွမ်းမဲ့ခဲ့တဲ့ ကိုယ်ခန္ဓာကြီး၊ ဦးနှောက်သေး ကမ္ဘာဦး ဒိုင်နိုဆော်ကြီးတွေ မျိုးတုံးခဲ့ရတဲ့ သမိုင်းရှိပါတယ်။  တိုင်းပြည်ဟာ အာဏာယစ်မူးရင်း ကမ္ဘာကြီးနဲ့ အဆက်အသွယ်ဖြတ် ဝါးလုံးခေါင်းထဲလသာချင်သူ လူတစ်စုရဲ့ သင်းကွပ်မှုကြောင့် ရေတွင်းထဲကဖားသူငယ်လို အနားသတ် အမြင်နဲ့ ကျင့်သားရကာ အတွေးအခေါ် မလွတ်လပ်၊ ရင်ဘတ်နှလုံးသား မကျယ်ပြန့် ဖြစ်နေရတာကို အမှန်အတိုင်း မျက်မှောက်ပြုနိုင်ရပါမယ်။  ဆယ်စုနှစ်ပေါင်းများစွာ အမှောင်ထုဖုံးလွှမ်းနေတဲ့ အနေအထားကနေ အလင်းကိုဝင်ချင်ရင်  မျက်စိကျိန်းဒဏ်ကို မကြောက်ဘဲ အရိုးစွဲ နေသားတကျ ဖြစ်နေတဲ့ သမာရိုးကျ စိတ်၊ စဉ်းစားပုံ၊ အတွေးအခေါ်၊ ခံယူချက်တွေကိုသာ အကျိုးသင့်၊ အကြောင်းသင့် စဉ်းစားဆင်ခြင်မြော်မြင်ပြီး လက်ခံသင့်တဲ့ အရာတွေကို ပြုပြင် ပြောင်းလဲနိုင်ဖို့ ကြိုးစားရပါမယ်။

● နိဂုံး
ဒါကြောင့် တိုင်းပြည်မှာ လူမှု၊ စီးပွား၊ ကျန်းမာ၊ ပညာ၊ ယဉ်ကျေးမှု၊ အနုသုခုမ ကုံလုံ ကြွယ်ဝ စေချင်ရင်၊ အမျိုး၊ ဘာသာ၊ သာသနာကို အမှန်တကယ် တိုးတက်ကြီးပွားစေလိုရင်၊ ကျင့်ဝတ် သီလ မြင့်မား အကျင့် စာရိတ္တ မဏ္ဍိုင် ခိုင်မာ ကြံ့ခိုင် စေလိုရင်၊ တိုင်းပြည်ရဲ့ ပုံရိပ်ကောင်း၊ နာမည်ကောင်းကို ပြန်လည် ရရှိစေလိုရင် အစရှိတဲ့ တိုင်းပြည်ရဲ့ ဂုဏ်အင် လက္ခဏာကောင်းတွေကို ပြန်လည် တည်ရှိ အနာဂတ် မျိုးဆက်သစ်ကို စံစားလိုရင်ဖြင့် စစ်အာဏာရှင်စနစ်နဲ့ စနစ်ဆိုးရဲ့ ပုံဖော်ရိုက်ခတ်မှုကို အတွင်းကျကျ နားလည်လက်ခံကာ လူတစ်ဦးချင်း တစ်ကိုယ်ရေ ပြင်သင့် ပြင်ထိုက်တဲ့ စစ်အာဏာရှင် အတွေးအခေါ်ဟောင်း၊ အလုပ်ဆိုး၊ ခံယူချက် အပုပ်အသိုး တွေကို ဖဲကြဉ် ဖုတ်ကြည်း သင်္ဂြိုဟ် မြေမြှုပ် စနစ်ဆိုးရဲ့ ဂျိုး (ချိုး) ကို အဆုံးတိုင် အလုံးစုံ ခွာချနိုင်ဖို့ လိုကြောင်း နိဂုံးချုပ် အကြံပြုရင်း ဆွေးနွေးမှုကို အဆုံးသတ်လိုက်ပါတယ်။

တိုင်းပြည်မှာ ဒီမိုကရေစီ သုခချမ်းသာရကာ လောက နိဗ္ဗာန် အမြန်ဆုံး တည်ဆောက်နိုင်ဖို့ မျှော်ရည်လျက်…။

ငြိမ်းချမ်းအေး
ဖေဖော်ဝါရီ ၂၆၊ ၂၀၁၅ (စာပြီးရက်စွဲ)


(သည်လေဒီးစ် သတင်းဂျာနယ်၊ အတွဲ (၂)၊ အမှတ်စဉ် (၅၄)၊ (၂၀၁၅) ခုနှစ် ဖေဖော်ဝါရီ (၂၇) ရက်နေ့ သောကြာနေ့ထုတ်၌ မူလ ပုံနှိပ်ခဲ့သည်။  ယခု မိုးမခတွင် အွန်လိုင်း ထပ်မံ ဖြန့်ချိသည်။  ဆောင်းပါးပါ အာဘော် ကို ဝေဖန်ရန် လွတ်လပ်စွာ မှတ်ချက်ပြုနိုင်ပါသည်၊ nyeinchanaye81@gmail.com သို့လည်း စာရေးနိုင်ပါသည်။)

The Ladies New Journal:
https://www.facebook.com/News.TheLadies/photos/a.179109772264000.1073741828.178829095625401/394068804101428/?type=1