လင်းအေးထင် - စူးစမ်းမိတဲ့ ငနုံ


လင်းအေးထင် - စူးစမ်းမိတဲ့ ငနုံ
(မိုးမခ) ၂၆ ဧပြီ၊ ၂၀၁၅

ကျနော်ဟာ လူတော် တစ်ယောက် မဟုတ်ပါဘူး။
တချို့ ကိစ္စတွေကိုတော့ စူးစမ်းမိတဲ့ငနုံ
Inquiring layman ပေါ့။

ခေါင်းထဲဝင်တာနည်းနည်း၊ 
လျှံကျသွားတာက ခပ်များများပါပဲ။

တို့ထိမိတဲ့ အရာတွေ အရသာ စူးလွန်းရင်လည်း သည်းညည်းမခံ၊
အလွယ်တကူ ကျော်လွှားလိုက်တာပါပဲ။

အမြဲတမ်း အထနှေးတတ်တယ်၊ ထမိပြန်ရင်လည်း
တော်တော်နဲ့ ပြန်မထိုင် ဖြစ်တော့ ပြန်ပါဘူး။

ဥပမာ- ရန်ကုန်မြို့ ထပ်ခိုး အကျဉ်းလေး တစ်ခုပေါ်မှာ
ရှင်ဇနကာ ဘိဝံသရဲ့ တစ်ဘ၀ သာသနာကို ဖတ်လိုက်၊
အိလေးဆွဲ တိမ်တွေကို ကြည့်လိုက်နဲ့
စိတ်က ဆူးလေတ၀ိုက်က ခြေထောက်နီနီနဲ့ ခိုတွေကို အစာသွားကျွေးချင်ပေမဲ့
အောက်ကို ၃-၄ ရက် မဆင်း ဖြစ်သလို မျိုးပေါ့။

လူအုပ်ထဲရောနှော ဘတ်စ်ကားစောင့် နေရင်းသားလည်း
စိတ်နှစ်ခွနဲ့ ကိုယ့်အဖြစ်ကိုယ် ထူးဆန်းနေရတယ်။

ဟုတ်တယ်... တွေ့မြင်ရာ လူမှန်သမျှ
ကျနော်နဲ့ တူညီတဲ့အချက်တွေကို မျှဝေပိုင်ဆိုင်ထားတယ်။

ကျနော်စိတ်ထဲက တိုးတိုးလေးအော်နေမိတယ်။
ထက်ထက်ကို ဘယ်သူကြိုက်သလဲ...... လူအများ ဟေးကနဲ သံပြိုင်အော်ပြီး 
လက်တွေ ထောင်ကြပုံကို မြင်ယောင်နေမိတယ်။

ဟုတ်တယ်၊ သူတို့လည်း ကျနော့်လိုပဲ
သိုင်းလောက စိန်ခေါ်သံကို အလွတ်မခံသူတွေ၊
ပန်.. ပန်.. ပန့်ပန့်ပန်.. ရဲ့ ပရိသတ်တွေ၊
ဘုရားရှိခိုးရင် နိဗ္ဗာန်ရောက်ပါစေ ဆုတောင်းသူတွေ၊
မြန်မာ အသင်းဂိုးပြတ်နဲ့ ရှုံးရင် စိတ်အလွန် ဆင်းရဲတတ်သူတွေ။

ဒါပေမဲ့ ကျနော့် ရင်တွင်း တစ်နေရာမှာလည်း
ကျနော့်ရဲ့ သီးသန့် ဖြစ်တည်မှုကို သတိပေးနေတဲ့
ခံစားချက် တစ်စုံတစ်ရာ ရှိတယ်။

ခြူသေးသေးလေးတွေ ညင်းညင်းညံ့ညံ့ မြည်နေသလိုပဲ
ကျနော် ကြားနေတယ်။

ဒီတော့ ကျနော့်အတွက် တစ်ကိုယ်စာ
သီးသန့်နေရာ လိုပြန်ရော။

ဒီတော့ လူအုပ်နဲ့ ခြေလှမ်းအချို့ ကွာခြားတဲ့
ဗာဒံပင်ရိပ်မှာ ခပ်ခွာခွာ ရပ်မိပြန်ပါရော။

ဗာဒံရွက်ကြွေ နီကြင်ကြင်တွေက
ဟိုဝဲလိုက်၊ ဒီဝဲလိုက်နဲ့ပေါ့။

လေထဲပျံ့ဝဲ... မွှေးစေတဲ့ ရနံ့ဆိုတာ၊
စိတ်နဲ့ ပိုသက်ဆိုင်မယ် ဆိုတဲ့
အနီးအနား လက်ဖက်ရည်ဆိုင်က
ဖွင့်နေတဲ့ ဘိုထီးသီချင်းကို လိုက်ညည်းရင်း
လန်ဒန် ၀ယ်သောက်ချင်စိတ် ပေါက်မိလာတော့
ဆေးလိပ်၊ ကွမ်းယာဗန်း တင်ထားတဲ့ ခုံနောက်က
ကလေးမဆီ မျက်စေ့ရောက်သွားမိပြန်ရော။
ဆံပင်က တဆိတ်တိုလို့၊ နှုတ်ခမ်းက 
တဆိတ်မက ရဲလှချည်လား။

ဟုတ်တယ်၊ ရဲပဒေါင်းခတ်နေတဲ့ နှုတ်ခမ်းသားတွေဟာ
ပြောင်းဖူးစေ့ နောက်လိုက်နေတဲ့ ခိုလေးတွေရဲ့ ခြေထောက်တွေလို၊
ကြွေကျနေတဲ့ ဗာဒံရွက်တွေလို ၀မ်းနည်းစဖွယ် နီစွေးနေတယ်။

ဒီကလေးမကို မြင်မိတိုင်း ဆံပင်မတိုတဲ့၊ နှုတ်ခမ်းမနီတဲ့၊
ပါးလှပ်လှပ် ဖြူလျော်လျော် တခြား ကောင်မလေး တစ်ယောက်ကို သတိရစေတယ်။

ရထားသံလမ်းတွေ၊ မှောင်ရီပျိုးစ ညနေခင်းတွေ၊
ကောင်းကင်ပေါ် ၀ဲပျံနေတဲ့ ရောင်စုံစွန်တွေ၊
တစ္ဆေ တစ်ကောင်လို အရိပ်နဲ့ ခန္ဓာမကွဲပြားဘဲ
တိတ်တဆိတ် လမ်းလျှောက်တတ်ပုံတွေ...။

ရှိုက်ငိုလို့ တသိမ့်သိမ့်ခါနေတဲ့ ကျောပြင်ရယ်၊
လေတိုက်တဲ့အခါ လှုပ်ရှားစမြဲ ဘလောက်စ်အင်္ကျီရဲ့ ပုခုန်းအဖောင်းလေး တွေရယ်...
စီးကရက် တစ်လိပ် မီးမညှိဖြစ်ခင်
ဒီအာရုံ လွင်ပြင်ကျယ်ကို ဖြတ်သန်းရတယ်။

လင်းအေးထင်

××××××××××××

မိုးမခ တွင် တင်ဆက်ထားသည့် လင်းအေးထင် (လင်းထင်) ၏ ကဗျာ၊ စာ ဟောင်းများ ပြန်ဖတ်လိုပါက --

၀၁) မန္တလေးကို ရောက်ခဲ့တယ်

၀၂) ဘုရားပေါ်မှာ

၀၃) လွန်ခဲ့တဲ့ (၁၅) နှစ်

၀၄) အပ္ပမာဒေန သမ္မာဒေထ

၀၅) ရုပ်ချည်းရှိတဲ့ ဗြဟ္မာလို

၀၆) အော့ဖ်လိုင်း

၀၇) မဒမ်တူးဆိုး ဖယောင်းရုပ်

၀၈) ဥသြဆွဲ တေးချင်း

၀၉) တိုးတက်သော အနုပညာ ဆိုတာ ဘာလဲ

(၁၀) တာ့ဂ်ျမဟာ

၁၁) ဂိုဂင်နီ

၁၂) အလကား မတ်တင်း အမျိုးသား ကဗျာဆရာကြီး ကိုချော

၁၃) ဘာလဲဟဲ့ ရင်ကြားစေ့ရေး

၁၄) ကျောင်းသားမုန်းရောဂါရှင် ဘယ်သူက ပရောက်ဇီလဲ

၁၅) ငရဲလမ်းလိုက်မှ ဘာ မျှော်လင့်ရဦးမလဲ

၁၆) မီးဗုံး အပစ် ခံရတဲ့ ဆင်ခြင်တုံ တရား

၁၇) ဘာသာရေးဟာ လောကီကြောင်းမှာ စပ်ယှက် သင့်မသင့်

၁၈) စစ်အုပ်စုရဲ့ စရိုက် (၄) မျိုး